Sunday, January 13, 2008

သတိရလို့ ဖုန်းဆက်လိုက်တာပါ

ကမ္ဘာကြီး ...
သတိရလို့ဖုန်းဆက်လိုက်တာပါ။ ကျွန်တော်ခင်ဗျားကို အရမ်းသတိရတာပဲ။ ခင်ဗျားအကြောင်းလဲ ခဏ ခဏ
စဉ်းစားနေမိတယ်။ တကယ်တော့ ကျွန်တော်တို့က ခင်ဗျားကိုတည်မှီ ပေါက်ဖွားရှင်သန်လာရတဲ့ ဗိုင်းရပ်စ်
သေးသေးလေးတွေပဲမဟုတ်လား။ တကယ်ပြောတာပါ။

၂၀၀၇ က ကျွန်တော့်ရင်ထဲကို ကြေကွဲဝမ်းနည်းစရာတွေ တော်တော်များများ ထည့်ပေးလိုက်တယ်။ သမံ
တလင်းပေါ် ဖန်ခွက်ကျကွဲသလို ကျွန်တော့်နှလုံးသားတွေ ကြေမွခဲ့ရတယ်။ ကျွန်တော့်စိတ်တွေ ဆောက်တည်ရာမရ
ခဲ့ဘူး။သည်နှစ်ထဲမှာ ကျွန်တော့်ကျန်းမာရေးက အရမ်းချူခြာတာပဲ။ အနာဂတ်မဲ့နေသလို ခံစားရတယ်။ပတ်ဝန်းကျင်နဲ့လည်း
ခပ်ကင်းကင်း နေချင်မိတယ်။ စိတ်ကျဝေဒနာများ ခံစားနေရသလားလို့ ကိုယ့်ကိုယ်ကို စမ်းစစ်နေမိတယ်။ တော်သေးတာပေါ့
ကျွန်တော့် စိတ်ကအသံမြည်နေသေးလို့။
သတိရလို့ဖုန်းဆက်လိုက်တာပါ။
နှစ်သစ်မကူးခင်က ဇာတိမြေကို ကျွန်တော်ပြန်ဖြစ်သေးတယ်။ ( ခင်ဗျားဘက်က ကြည့်ရင်တော့ သည်ကိစ္စက တော်တော်ရယ်စရာ
ကောင်းမှာ။ ကမ္ဘာမြေကိုက ကျွန်တော့်ဇာတိပဲမဟုတ်လား။ )။ ထားပါတော့။ ကျွန်တော်အဓိကပြောချင်တာက မိဘတွေဆီ ပြန်ခဲ့တဲ့ကိစ္စပါ။
တောသူတောင်သားဆိုတော့ ရွာလွမ်းစိတ်အခံလေးက ရှိသေးတာကိုးဗျ။ နေကလည်း အရမ်းပူတာပါ။ အ၀ါရောင်တွေ အရည်ပျော်ကျမတတ်ပဲ။
သည်နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုတာက ကျွန်တော်တို့ဒေသမှာ တောင်သူလုပ်ငန်းဝင်ချိန်လေ။ ရွာမှာရှိတဲ့လူ တော်တော်များများက ကြက်သွန်ခင်း၊
ဆေးခင်း နဲ့ မြေပဲခင်းတွေဆီရောက်နေကြတာများပါတယ်။ပြီးတော့ ကျွန်တော်ရွာနဲ့ဝေးခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီ။ သုံးလေးနှစ်နေမှ
တစ်ခေါက်တစ်ကျင်းပဲ ပြန်ဖြစ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော့ဘာသာစကားကလည်း အတော်အတန်ခြားနားနေခဲ့တယ်။

ကျောင်းနေဘက်သူငယ်ချင်းတွေလည်း မရှိသလောက်ပါပဲ။ သူတို့လည်း သူတို့ရောက်ရာ ဘ၀မှာ ပျော်နေကြတာပါ။
လူတစ်ယောက်မှာပြောစရာစကားမဲ့တာလောက် အခံရခက်တာမရှိဘူး။
ပျင်းပျင်းရှိတာနဲ့ မြေနုကျွန်းတွေဘက် ကျွန်တော်ထွက်လာခဲ့တယ်။ ပြောရအုံးမယ်။ ကျွန်တော်တို့ရွာက ဧရာဝတီမြစ်နဲ့ နှစ်မိုင်လောက်ဝေးတယ်။
ဧရာဝတီမြစ်နဲ့ နှစ်မိုင်လောက်ဝေးတယ်။ ဧရာဝတီမြစ်ရေတတ်ချိန်ဆို ရွာအနောက်ဘက် ကိုင်းပြင်ကြီးတွေဟာ ရေတွေ
ွချည်းပဲ။ လောင်းလှေတွေ တလွှားလွှားသွားခဲ့တာ သတိရမိနေသေးတယ်။ မြေနုကျွန်းဘက်မရောက်ခင် ကန်ဇင်းပင်ရိုးဆိုတာကို ဖြတ်ရသေးတယ်။
ကန်ဇင်းပင်ရိုးရေက လူမမှီလို့ လှေနဲ့ ဖြတ်ရသေးတာ။ ကုတို့ပို့တဲ့ ကလေးလေးက သူစိမ်းတစ်ယောက်လို ကျွန်တော့်ကို ခပ်ငေးငေးကြည့်နေတယ်။
ကျွန်တော်ဟာ သည်ရွာသားစစ်စစ်တစ်ယောက်ဆိုတာသူမသိရှာဘူး။ ကလေးက ကျွန်တော့်ကို သူစိမ်းတရံစာတစ်ယောက်လို့ပဲ ထင်နေတယ်။
အစ်ကိုကြီး ရေကြောက်တတ်သလားတဲ့။သူက ကျွန်တော့်ကို မေးခွန်းတစ်ခုနဲ့ ချည်နှောင်လိုက်တယ်။ ရေကြောက်တာပေါ့
လို့ ကျွန်တော်ကပြန်ဖြေတော့သူကအောင်နိုင်သူတစ်ယောက်လိုပြုံးတယ်။
ကျွန်တော်တို့ရွာသားတွေဆို ရမကြောက်ဘူး တဲ့။
ခါတိုင်းနှစ်တွေက သီတင်းကျွတ်ရင် ဧရာဝတီမြစ်ရေက ပြန်ကျတာပဲ။ သည်နှစ်တော့ရေထွက်ပေါက် ကန်ဇင်းရိုးပင်ကို ထိပ်ဝကနေ သဲတွေပို့သွားတော့
ရေတွေက မြစ်ထဲပြန်မဆင်းပဲ အီခံနေတယ်။ ဖောက်ထုတ်လို့ကလည်း မရဘူး။ သဲကြမ်းထုကတော်တော်ထူတယ်။ ရေပြန်ကျမှ စိုက်မယ် ပျိုးမယ်လို့ အား
ခဲထားတဲ့တောင်သူတွေလည်း ချွေးပျံနေကြရှာတယ်။ မမျှော်လင့်တဲ့ ရှုဒေါင့်ကနေ သဘာဝတရားရဲ့ တိုက်ခိုက်မှုကို အလူးအလဲ ခံလိုက်ရတယ်။
ကုတို့ပို့တဲ့ကလေးကို ချန်ထားရစ်ပြီး မြေနုကျွန်းတွေဘက် ကျွန်တော်ဆက်ထွက်ခဲ့တယ်။
သည်နှစ် ကျွန်တော်တို့ကိုင်းက မြေပဲတွေ တော်တော်ကောင်းတယ်။ အရွက်လေးတွေက ပိုးမွှားကင်းစင်ပြီး စိမ်းလဲ့နေတာ။
အဖေက မြေပဲတွေ တော်တော်ဥတာ နှုတ်ကြည့်ခဲ့ပါလားတဲ့။ ကျွန်တော်ကနှမျှောတာနဲ့ နှုတ်ချိန်မရောက်သေးတဲ့ မြေပဲပင်လေွးေကို နှုတ်မကြည့်ခဲ့ဘူး။
အဖေလား.....
အဖေကတော့ ကိုင်းထဲရောက်တိုင်း မြေပဲတွေ ဘယ်လောက်ဥသလဲလို့ ခဏခဏ နှုတ်ကြည့်တယ်။ ဥအနေအထားပေါ်မူတည်ပြီး သူ့ကိုင်းကနေ မြေပဲဘယ်လောက်တော့ထွက်မှာလို့ မှန်းတယ်။
အဖေ့မျက်နှာဟာ ပြုံးလဲ့နေတာပဲ။ အဖေက သူ့ဘ၀ကို ၀န်းကြီးချုပ်ရာထူးနဲ့ မလဲနိုင်ပေါင်လို့ ခဏခဏပြောတယ်။ သည်လိုနဲ့ အဖေလည်း အသက်အရွယ်ရင့်ရော်လာပါပြီ။
အဖေကတော့ မြေပဲပင်လေးတွေ နှုတ်ကြည့်နေဆဲပါပဲ။ ကျွန်တော်တို့ မြေနုကိုင်းရဲ့ အလယ်လောက်မှာ ရှားပင်ကြီးတစ်ပင်ရှိတယ်။ပင်စည်လုံးပတ်တင် လူနှစ်ဖက်စာလာက်ရှိနေပြီ။

ကျွန်တော် ရှားပင်အောက်မှာထိုင်ပြီး အရှေ့ဘက်ကို မျက်နှာမူလိုက်တယ်။ ကျွန်တော်တို့ ရွာကလေးဟာ နေရောင်အောက်မှာ မှိုင်းပျပျဖြစ်နေတယ်။ နေံလည်နေရဲ့ အပူရှိန်ကြောင့် တံလျှပ်တွေ ထနေတယ်။
အစိမ်းရောင် ကတ္တီပါစကြီးဟာ ရွာနဲ့ တစ်ဆက်တည်းပဲ။ မြေပဲခင်းကို ကြည့်လိုက်၊ ရွာကို ငေးလိုက်နဲ့ စိတ်တေါက တောင်ရောက် မြောက်ရောက်ပါး ပုဂံခေတ်လောက်
ကတည်းက လူတွေအခြေတကျနေထိုင်ပြီး မွေးဖွားလိုက်သေဆုံးလိုက်နဲ့ အခုအခြေအနေတိုင်တဲ့ အထိဆိုပါတော့။ ဘာမှလည်း ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး။ လူတွေလိုပဲ မန်ကျည်းပင်နဲ့ တမာပင်တွေဟာလည်း
ရှင်သန်လိုက်၊ ဓါတ်မြေသြဇာဖြစ်လိုက်နဲ့ပါ။ ကျွန်တော့် အဘိုးအဖွါးတွေက မေ့ပစ်ကြမှာ အမှန်ပါပဲ။ ဒီလိုပါပဲ စိတ်မကောင်းမဖြစ်ပါနဲ့ မိတ်ဆွေကြီး။ အချိန်တန်ရင် ကျွန်တော်လည်း ဒီလောကကြီးက ထွက်ခွါသွားရဦးမှာပါ။

မိတ်ဆွေကြီး...
ဆောင်းနံနက်ခင်းမှာ နှင်းတွေဝေပြီး ချယ်ရီတွေ မှန်မှန်ဖူးပွင့်ရဲ့လား။ မိုးလေ၀သမှန်ကန်ပြီး ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းရဲ့လား။ ငှက်ကလေးတွေ နေရောင်ခြည်မှန်မှန်ရရဲ့လား။ ကလေးတွေ ရှုရှိုက်ဖို့ လေကောင်းလေသန့်ရှိရဲ့လား။
ဆူနာမီတွေ လာဦးမှာလား။

ခင်ဗျားရင်ခွင် ဟောင်းလောင်းဖြစ်နေတာ ကျွန်တော်စိတ်မကောင်းဘူး။

မိတ်ဆွေကြီး...
သတိရလို့ ဖုန်းဆက်လိုက်တာပါ။
လူတွေ မကောင်းဘူး။
ဘနာဇီယာဘူတို ကို သူတို့လုပ်ကြံလိုက်ကြပြီ။ သူယုံကြည်ရာသူလုပ်တာ အပြစ်လား။
လူတွေ မကောင်းဘူး။
ကမ္ဘာကြီးကို အပိုင်းပိုင်းလုပ်ပြီး သူပိုင်တယ်၊ ငါပိုင်တယ် ငြင်းခုံနေကြတာ။
ခင်ဗျားကတော့ လူတွေကို ကြည့်ပြီး ပြုံးနေမလားပဲ။
လူတွေ မကောင်းဘူး မိတ်ဆွေကြီး။
ယဉ်ကျေးမှုဆိုတာကြီးနဲ့ အနာဂတ်ပျောက်ဆုံးနေကြတယ်။ လူဆိုတာ အရိပ်နေနေ အခက်ချိုးချိုးရယ်။
လူတွေ မကောင်းဘူး မိတ်ဆွေကြီး။ နူကလီးယားဗုံးတွေ အပြိုင်အဆိုင် ထုတ်နေကြတယ်။
အမုန်းတွေ၊ နာကျဉ်းမှုတွေ၊ အတ္တတွေကြောင့် နူကလီးယား စစ်ပွဲတွေ ဖြစ်ခဲ့ရင် . . .။
စိတ်မကောင်းဘူး မိတ်ဆွေကြီး။ သတိရလို့ ဖုန်းဆက်လိုက်တာပါ။ ။

1 comment:

Unknown said...

တကယ့်ကို ရင်ထဲရောက်ပါတယ်။။တနေ့ကျွန်တော်လည်း ရွာပြန်ရအုံးမှာပါ။။