Sunday, January 20, 2008

မေ့တတ်လို့ပါ

ပေါ်ကြေးတို့က မေ့တတ်သည့်နေရာ မျိုးနှင့် ရိုးနှင့်ဟုဆိုရမည်ထင်သည်။ ပေါ်ကြေးတို့ အဖေလည်း မေ့တတ်သည်။အမေလည်း မေ့တတ်သည်။ ပေါ်ကြေးတို့ အဘိုးလည်း မေ့တတ်သည်။ ပေါ်ကြေးတို့ အဘိုးမေ့တတ်ပုံလေး ပြောပါဦးမည်။ပေါ်ကြေးတို့ အဘိုးက စာမတတ်ပေမယ့် လည်လည်ဝယ်ဝယ်ရှိသည်။ ပေါ်ကြေးတို့က အညာဒေသ အပူပိုင်းဆိုတော့ တပေါင်းတန်ခူးတောင်သူ လုပ်ငန်းတွေ သိမ်းပြီးရင် နှစ်လတန်စီ သုံးလတန်စီ နားနေရတာကများသည်။ နွေရာသီမှာ နားမနေချင်တာနှင့်သစ်သီးသစ်နှံလေးရောင်းချပြီး အောက်ပြည်၊ အောက်ရွာသွားကာ ဆန်ကုန်ကူးသည်။ ပထမတစ်ခေါက်နှစ်ခေါက်တော့ ဆန်လေးသယ်လာလိုက် ပြန်ရောင်းချလိုက်နှင့် ရွာကိုသတိရသေးသည်။ မိသားစုကိုလည်း မှတ်မိသေးသည်။ သုံးလေးခေါက်လည်း ကြာပြီးရော တဖြည်းဖြည်းနှင့် မိသားစုကိုရော ရွာကိုပါ မေ့တေ့တေ့ဖြစ်လာသည်။ နောက်တော့ ရွာကို လုံးဝပေါ်မလာတော့ဘူး။ ရွာကိုမေ့၊ မိသားစုကိုမေ့၊ ပေါ်ကြေးတို့ အဖွားကိုပါ မေ့သွားသည်။ သူ့ကိုယ်သူလူပျိုထင်ပြီး အောက်ပြည်အောက်ရွာမှာတင် တစ်အိုးတစ်အိမ် ထူထောင်လိုက်သည်။

"မင်းတို့ အဖိုးမေ့တတ်ပုံများ ပြောမပြောချင်ဘူး။ သူ့ကိုယ်သူ လူပျိုထင်ပြီး
မိန်းမယူလိုက်တာ ကလေးနှစ်ယောက်ရမှ အဖွားကို
ပြန်သတိရတယ်တဲ့။ သူမေ့တတ်ပုံကလည်း
တစ်မျိုးကြီးဟဲ့"


ပေါ်ကြေးတို့ အဖွားဆိုတာ ပြောလို့ကို မပြီးတော့ဘူး။
ပြီးတော့ ပေါ်ကြေးတို့ အဖွားက ပေါ်ကြေးတို့ အဘိုးအကြောင်း တခုတ်တရပြောထားတာတွေ ရှိသေးသည်။ ပေါ်ကြေးတို့ ရွာက
ဧရာဝတီမြစ်နှင့် တစ်မိုင်လောက်ဝေးသည်။ ၀ါဆိုဝါခေါင် ဧရာဝတီ မြစ်ရေတက်ချိန်ဆိုရင် ဧရာဝတီမြစ်နှင့် ရွာကြားမှာ ရေပြင်ကြီး
ဖြစ်နေတတ်၏။ သီတင်းကျွတ်၊ တန်ဆောင်မုန်းရောက်မှ ဧရာဝတီ မြစ်ရေကပြန်ကျသည်။ ပြီးတော့ ဧရာဝတီမြစ်နှင့် ပေါ်ကြေးတို့ ရွာကြား ကန်ဇင်းပင်ချောင်းဆိုတာ ရှိသေးသည်။ ဧရာဝတီမြစ်ဘေးက မြေနုကျွန်းတွေသွားချင်လျှင် ကန်ဇင်းပင်ချောင်းကို ဖြတ်သွားမှရသည်။ ရေကျကာစရက်ဆိုလျှင်နွားကော၊လူကော ရေကူးသွားရသည်။ တစ်ရက်မှာ ပေါ်ကြေးတို့ အဘိုးက မြေနုကျွန်းပေါ်ထယ်ထိုးသွားဖို့ စောစောထနွားစာကျွေးသည်။ နွားတွေဝတော့ တံပိုးတုန်းမှာနွားတွေတပ်ပြီး တံပိုးပေါ်မှာ ထယ်ကိုချိတ်တင်လိုက်၏။ ကန်ဇင်းပင်ချောင်းရိုးရောက်လျှင် ရေကူးရမှာသတိရပြီး ၀တ်ထားသည့်ပုဆိုးကိုချွတ်ပြီး ခေါင်းမှာပေါင်းထားလိုက်သည်။ ခပ်တည်တည်နှင့် နွားတစ်ရှည်းမောင်းပြီး ရွာအနောက်တံခါးကို ထွက်လာသည်။
လင်းအားကြီးအချိန်မို့ ပဲခင်းစပါးခင်း၊ ဆေးခင်းသွားသည့် အမျိုးသမီးတွေနှင့် လမ်းမှာတွေ့သည်။ အမျိုးသမီး တစ်သိုက်က လှည့်ကြည့်လှည့်ကြည့်နှင့် ပြုံးဖြီးဖြီးဖြစ်သွားကြသည်။ ပေါ်ကြေးတို့ အဘိုးက ခပ်တည်တည်ဖြင့် နွားတွေကို ခပ်သွက်သွက်မောင်းသည်။ လူတွေသူ့ကိုကြည့်ပြီး တဟားဟားရယ်နေတာ သတိမထားမိဘူး။ ချောင်းစပ်ရောက်မှ ပုဆိုးချွတ်မလို့ ငုံ့အကြည့် ပါးစပ်က ဟိုက်ခနဲ မြည်သွားသည်။ ခပ်ရှက်ရှက်နှင့် ရေထဲ ဒိုင်ဗင်ထိုးချလိုက်ရသည်။ သူမေ့ တတ်ပုံကလည်း မျက်နှာပူစရာကြီးကိုး။
ပေါ်ကြေးတို့အဘိုးမေ့တတ်သလို ပေါ်ကြေးအဖေလည်း မေ့တတ်သည်။ ပေါ်ကြေးတို့ အဖေနှင့် အမေလက်ထပ်ပြီးကာစက မန္တလေးကို ဘုရားဖူး သွားကြသည်။ တကယ်တန်းပြောမယ်ဆိုရင်တော့ ဘုရားဖူးချည့် သက်သက်တော့ မဟုတ်ဘူးပေါ့။ ကြက်သွန်လေး ဆယ့်ငါးအိတ်၊ အိတ်နှစ်ဆယ်တင်ပြီး ကြက်သွန်ရောင်းရင်း ဦးဘသန်းတို့ ပွဲရုံတေါမှာ ရောင်းတာကများသည်။ အဲသည်ပွဲရုံတွေက ကြက်သွန်လာရောင်းသူတွေကို အိပ်စရာ နေရာပေးသည်။ ဒါနှင့် ပေါ်ကြေးတို့ အဖေနှင့် အမေ ကြက်သွန်အိတ်တွေ ပွဲရုံမှာ ချထားပြီး မဟာမြတ်မုနိဘုရားကြီး သွားဖူးကြသည်။ ကိုင်းတန်းဈေးကိုဖြတ်ပြီး ဈေးချိုဘက် ကိုတက်သည်။ ရှစ်ဆယ့်လေးလမ်းပေါ်ရောက်တော့ ဘုရားကြီး၊ ဘုရားကြီးဆိုတာနှင့် ကားပေါ်တက်ထိုင်လိုက်သည်။ သုံးဆယ့်နှစ်လမ်းရောက်တော့ ခရီးသည် တင်ဖို့ ကးကအငြိမ့်၊ ရွာကဆိုက်ကားနင်းနေသည့် ကလေးတစ်ယောက်တွေ့တာနှင့် အားရ၀မ်းသာ နှုတ်ဆက်ဖို့ ကားပေါ်ကခုန်ဆင်းလိုက်သည်။ လိုင်းကားပေါ်မှာ သူ့ဇနီးပါသွားတာ သတိမရတော့ဘူး။ ရွာကကောင်လေးနှင့် စကားတွေ ဖောင်ဖွဲ့ပြောရင်း ဘုရားဖူးသွားတာ မေ့သွားသည်။ ခပ်တည်တည်နှင့် ပွဲရုံပြန်လာသည်။ ပွဲရုံရောက်ပြီး သူ့ဇနီးမတွေ့တော့မှ ဘုရားဖူးသွားတာ သတိရသွားသည်။ အဲ့သည်တော့မှ ပွဲရုံပိုင်ရှင် အကူအညီတောင်းပြီး ပြန်ရှာရသည်။ သူတော်ကောင်းတွေ ကူညီလို့ သူ့ဇနီးသည်ကို အရှင်လတ်လတ် ပြန်တွေ့ရခြင်း ဖြစ်သည်။ ပေါ်ကြေးတို့ အမေဆိုတာ ဘယ်တော့မှ ပေါ်ကြေးတို့ အဖေနှင့် ခရီးအတူတူသွားဖို့ မပြောတော့ဘူး။
တစ်အိမ်ထဲမှာ အတူတူနေသည့် သားအဖချင်းတောင် လမ်းမှာတွေ့လို့ အဖေ ဘယ်သွားမလို့လဲ မေးရင် ခေါင်းကိုလက်ဖြင့်ကုတ်ပြီး သြ တူပါထယ်ထင်လို့ သေသေချာချာကြည့်နေတာ။ ငါ့သား ပေါ်ကြေးကြီးကိုး။ အမေမင့်ကို မေ့နေတာကွ။ တော်တော်ပြန်စဉ်းစားယူရတယ် ပေါ်ကြေးတို့ အဖေက အဲသလိုကို မေ့တတ်တာ။
ရွာဦးကျောင်းဆရာတော်ဦးဝိမလကတော့

"လူဆိုတာ ဘ၀မမေ့ရဘူး"

ဟု မကြာခဏဆုံးမတတ်သည်။

"ကိုယ့်ဘ၀ဆိုတာ ကိုယ့်သမိုင်းပဲ မောင်ရ။ ကိုယ့်သမိုင်းကိုယ် ပြန်သတိရရင် မအ
တော့ဘူးပေါ့ကွ"


ဆရာတော်က ပေါ်ကြေးနှင့်ကြုံတိုင်း ထိုကဲ့သို့ မကြာခဏ သြ၀ါဒ ခြွေတတ်၏။ တစ်ခါတစ်လေတော့လည်း လူ့ဘ၀ကြီးကို ဖြတ်သန်းရင်း နားကျည်းစရာတွေ၊ ကြေကွဲဝမ်းနည်းစရာတွေ၊ ရွံရှာစက်ဆုပ်စရာတွေကို ပေါ်ကြေးမေ့ပစ်ချင်သည်။ သတိရနေရတာနှင့်စာလျှင် မေ့ပစ်လိုက်တာက ပိုပြီးနေသာထိုင်သာ ရှိမည်ဟု ပေါ်ကြေးထင်သည်။ တစ်ခါတစ်ရံ တစ်ကယ်မမေ့ပဲ မေ့ပစ်ချင်ယောင်ဆောင်ရတာတွေ ရှိသည်။ ပေါ်ကြေးရွာမှာ ရှိစဉ်က ကောင်မလေးတစ်ယောက်ကို ရည်းစားစကားလိုက်ပြောဖူးသည်။ သိပ်ဝေးဝေးလံလံထဲကတော့ မဟုတ်ဘူး။ ပေါ်ကြေးတို့ ရပ်ကွက်ထဲကပါပဲ။ ရည်းစားစကားပြောပြီး အဖြေတောင်းဖို့ မေ့သွားသည်။ ပေါ်ကြေးတောင်ပေါ်မြို့ကလေးရောက်လာပြီး ရွာကို တစ်ခေါက်တစ်ကျင်းပြန်တော့ အမေက စိတ်လိုလက်ရပြန်ပြောသည်။

"ခက်စိမ်းခင် က နင်သူ့ကို ရည်းစားစကားပြောပြီး အဖြေမတောင်းလို့တဲ့။ အမေ့ကို
ခဏခဏတိုင်ပြောတယ်"


ပေါ်ကြေး ထိုကိစ္စကို ရိုးရိုးသားသား အမှန်တကယ်မေ့သွားခဲ့ခြင်းဖြစ်သည်။
ရိုးရိုးသားသားမဟုတ်ပဲ မေ့ချင်ယောင်ဆောင်ခဲ့သည့် အဖြစ်အပျက်တစ်ခုတော့ ပေါ်ကြေးဘ၀မှာ ရှိနေခဲ့သည်။ ပေါ်ကြေး ကြီးပွားရာ ကြီးပွားကြောင်းရှာကြံရင်း ရတနာပြေတောင်ပေါ်မြို့ကလေးသို့ ရောက်လာသည်။ ခဲတွင်းလေးဆင်းလိုက်၊ ပွဲစားလုပ်လိုက်၊ ကုန်သည်လေးလုပ်လိုက်နှင့် အချိန်တွေကို စားသုံးပစ်နေသည်။ လူ့ဘ၀ဆိုတာကလည်း ပိန်တစ်ခါ ဖောင်းတစ်လှည့်မို့ အဆင်ပြေတာရှိသလို အဆင်မပြေတာတွေလည်း ရှိသည်။ ထားပါတော့။ "ပြာလဲ့" ကို ပေါ်ကြေး "ဇာမချဲ့" ချင်တော့။
ပေါ်ကြေးထာပွဲသွားရင်း မသန်းသန်းမြင့်နှင့် ရင်းနှီးခင်မင်ခွင့်ရသည်။ မသန်းသန်းမြင့်က အနီတစ်,ကိုက်တွေစပ်သည်။ တစ်ခါတစ်ရံ ပေါ်ကြေး ပွဲစားဆွဲလာသည့် တစ်,ကိုက် အရည်တက်လေးတွေကို ဈေးပိုပေးပြီးဝယ်တတ်သည်။ အချိန်ရလျှင် ပေါ်ကြေးကို ခေါက်ဆွဲလေးကျွေးပြီး လက်ဖက်ရည်ပါတိုက်တတ်၏။ အစ်မသန်းသန်းမြင့်က အသားဖြူပြီး မျက်နှာလေးက ဆွဲဆောင်မှု အပြည့်ရှိပေမယ့် ခန္ဓာကိုယ်က အနည်းငယ်ဆူဖြိုးသည်။ လမ်းလျှောက်လျှင်လည်း လှုပ်လိလှုပ်လဲ့ ခပ်ယဲ့ယဲ့ရယ်။
ကြိုးချင်းထား ကြိုးချင်းငြိဆိုသလို အထိအတွေ့များလာတော့ မသန်းသန်းမြင့်ကို ပေါ်ကြေးသံယောဇဉ်တွယ်မိသွားသည်။ ပေါ်ကြေးဘ၀မှာ အခြားအမျိုးသမီးတွေနှင့်လည်း အထိအတွေ့ အဆက်အဆံနည်းသည်။ မသန်းသန်းမြင့်၏ ၀ တာလေးကိုပဲ ချစ်စရာလေးဟု ပေါ်ကြေးထင်လာ၏။ မသန်းသန်းမြင့်၏ရူပါရုံက ပိုက်ကွန်တစ်ခုလို ပေါ်ကြေးအားလွှမ်းခြုံလိုက်သည်။ အချစ်ဆိပ်တက်နေတုန်းမှာ ပေါ်ကြေးနှလုံးသားတွေ မူးမိုက်နေ၏။
ပန်းခြံထာပွဲသွားရင်း မသန်းသန်းမြင့်က ပေါ်ကြေး နဂါးရုံဘုရား မရောက်ဖူးဘူးဆိုတာနှင့် ဘုရားကိုလိုက်ပို့သည်။ ဆောင်းလလယ်မှာ ချယ်ရီပန်းတွေက အစွမ်းကုန်ဖူးပွင့်နေသည်။ ငြိမ်းချမ်းတိတ်ဆိတ်သည့် နဂါးရုံဘုရား ရင်ပြင်မှာ ပေါ်ကြေး မသန်းသန်းမြင့်ကို မေတ္တာအကြောင်းတွေပြောပြဖို့ ကြိုးစားလိုက်သည်။

"ချယ်ရီပန်းတွေ သိပ်လှသလို မသန်းသန်းမြင့်လည်း အရမ်းလှတယ်။ ချယ်ရီပန်းလေးတွေ
ချစ်စရာကောင်းသလို အစ်မကလည်း သိပ်ချစ်စရာကောင်းတာပဲ။ အစ်မကိုကျွန်တော် ချစ်တယ်။"


ဘုရားရင်ပြင်ပေါ်မှာ ငှက်ကလေးတွေ တီတီတာတာ အသံမြည်သွားသည်။ လေညှင်းသွဲ့သွဲ့တိုက်သည်။ မသန်းသန်းမြင့်ပါးပြင် ရဲခနဲ ဖြစ်သွားသည်။

"ဟင်းရွက် ကန်ဇွန်း ကိစ္စမဟုတ်ဘူး မောင်လေးရဲ့ မမ စဉ်းစားပါရစေဦး"


ပေါ်ကြေးက ချယ်ရီပန်းတစ်ခက်ခူးပြီး မသန်းသန်းမြင့် ဆံနွယ်ပေါ် ပန်ဆင်ပေးလိုက်သည်။ နှစ်ယောက်သား ဘုရားရင်ပြင်ပေါ်ကနေ တိတ်တဆိတ် ပြန်လည်ထွက်ခွါလာခဲ့သည်။ လေပြေလေညှင်းက စကားလုံးတွေ ခိုးဝှက်သွားသည်။
ခဲတွင်းတွေ ပြန်စတော့ ပေါ်ကြေး ခဲတွင်း ပြန်ဆင်းဖြစ်သည်။ နေ့အိပ် ညဆင်းနှင့်ဆိုတော့ ပေါ်ကြေး ဘယ်မှမသွားဖြစ်ဘူး။ မသန်းသန်းမြင့်ကိုတောင် မေ့တေ့တေ့ ဖြစ်သွားသည်။ တစ်ရက် ဂါးဒင်း လက်ဖက်ရည်ဆိုင်မှာ တွင်းဆရာကိုဝင်းအောင်နှင့် လက်ဖက်ရည်ထိုင်သောက်နေစဉ် ခပ်လှမ်းလှမ်းမှ အမျိုးသမီးတစ်ယောက် တလိမ့်လိမ့်ချဉ်းကပ်လာနေသည်။ ဗြုန်းခနဲကြည့်လျှင် ကြော်ငြာသရုပ်ဆောင် ပွင့် လိုလို ဘာလိုလို ထင်မှတ်မှားရသည်။ အသေအချာကြည့်မှ မသန်းသန်းမြင့် ဖြစ်နေသည်။ မတွေ့ရသည့် သုံးလေးလအတွင်းမှာ အစ်မမသန်းသန်းမြင့်က တော်တော်တော်လေးဝသွားရှာသည်။ မသန်းသန်းမြင့်က ပေါ်ကြေးကိုတွေ့ချင်လွန်းလို့ လုပ်ကွက်တွေထဲအထိ လိုက်လာသည်။ ပေါ်ကြေးက နှုတ်ဆက်ပြီး ခေါက်ဆွဲခေါ်ကျွေးသည်။ တွင်းဆရာကိုဝင်းအောင်နှင့် မိတ်ဆက်ပေးသည်။ မသန်းသန်းမြင့် အပြုံးတွေက ၀င်းလက်နေ၏။ ပေါ်ကြေး မသန်းသန်းမြင့် ကိုယ်ခန္ဓာကြည့်ပြီး ကြက်သီးတွေ ဖျန်းခနဲ ထသွား၏။

"မောင်လေးကို မျှော်နေတာ။ အလုပ်နားတဲ့ရက် လာခဲ့ဦး။ မောင်လေးကြားချင်တဲ့ စကား
ကြားရစေ့မယ်။"


ခေါက်ဆွဲစားပြီးတော့ ပေါ်ကြေးကို နှုတ်ဆက်ကာ မသန်းသန်းမြင့် တလှုပ်လှုပ်ထွက်ခွါသွားသည်။မသန်းသန်းမြင့် ဘယ်လောက်ပင်မျှော်နေ မျှော်နေ ပေါ်ကြေး မသန်းသန်းမြင့်ဆီ ဘယ်တော့မှ သွားဖြစ်တော့မှာမဟုတ်ဘူးဆိုတာ သေချာနေသည်။ ပေါ်ကြေး တကယ်ပဲ မေ့တတ်တာလား။ မေ့ချင်ယောင်ပဲ ဆောင်နေတာလား။ ပေါ်ကြေးပဲအသိဆုံး ဖြစ်ပေလိမ့်မည်။ ။

Read More...

Sunday, January 13, 2008

သတိရလို့ ဖုန်းဆက်လိုက်တာပါ

ကမ္ဘာကြီး ...
သတိရလို့ဖုန်းဆက်လိုက်တာပါ။ ကျွန်တော်ခင်ဗျားကို အရမ်းသတိရတာပဲ။ ခင်ဗျားအကြောင်းလဲ ခဏ ခဏ
စဉ်းစားနေမိတယ်။ တကယ်တော့ ကျွန်တော်တို့က ခင်ဗျားကိုတည်မှီ ပေါက်ဖွားရှင်သန်လာရတဲ့ ဗိုင်းရပ်စ်
သေးသေးလေးတွေပဲမဟုတ်လား။ တကယ်ပြောတာပါ။

၂၀၀၇ က ကျွန်တော့်ရင်ထဲကို ကြေကွဲဝမ်းနည်းစရာတွေ တော်တော်များများ ထည့်ပေးလိုက်တယ်။ သမံ
တလင်းပေါ် ဖန်ခွက်ကျကွဲသလို ကျွန်တော့်နှလုံးသားတွေ ကြေမွခဲ့ရတယ်။ ကျွန်တော့်စိတ်တွေ ဆောက်တည်ရာမရ
ခဲ့ဘူး။သည်နှစ်ထဲမှာ ကျွန်တော့်ကျန်းမာရေးက အရမ်းချူခြာတာပဲ။ အနာဂတ်မဲ့နေသလို ခံစားရတယ်။ပတ်ဝန်းကျင်နဲ့လည်း
ခပ်ကင်းကင်း နေချင်မိတယ်။ စိတ်ကျဝေဒနာများ ခံစားနေရသလားလို့ ကိုယ့်ကိုယ်ကို စမ်းစစ်နေမိတယ်။ တော်သေးတာပေါ့
ကျွန်တော့် စိတ်ကအသံမြည်နေသေးလို့။
သတိရလို့ဖုန်းဆက်လိုက်တာပါ။
နှစ်သစ်မကူးခင်က ဇာတိမြေကို ကျွန်တော်ပြန်ဖြစ်သေးတယ်။ ( ခင်ဗျားဘက်က ကြည့်ရင်တော့ သည်ကိစ္စက တော်တော်ရယ်စရာ
ကောင်းမှာ။ ကမ္ဘာမြေကိုက ကျွန်တော့်ဇာတိပဲမဟုတ်လား။ )။ ထားပါတော့။ ကျွန်တော်အဓိကပြောချင်တာက မိဘတွေဆီ ပြန်ခဲ့တဲ့ကိစ္စပါ။
တောသူတောင်သားဆိုတော့ ရွာလွမ်းစိတ်အခံလေးက ရှိသေးတာကိုးဗျ။ နေကလည်း အရမ်းပူတာပါ။ အ၀ါရောင်တွေ အရည်ပျော်ကျမတတ်ပဲ။
သည်နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုတာက ကျွန်တော်တို့ဒေသမှာ တောင်သူလုပ်ငန်းဝင်ချိန်လေ။ ရွာမှာရှိတဲ့လူ တော်တော်များများက ကြက်သွန်ခင်း၊
ဆေးခင်း နဲ့ မြေပဲခင်းတွေဆီရောက်နေကြတာများပါတယ်။ပြီးတော့ ကျွန်တော်ရွာနဲ့ဝေးခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီ။ သုံးလေးနှစ်နေမှ
တစ်ခေါက်တစ်ကျင်းပဲ ပြန်ဖြစ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော့ဘာသာစကားကလည်း အတော်အတန်ခြားနားနေခဲ့တယ်။

ကျောင်းနေဘက်သူငယ်ချင်းတွေလည်း မရှိသလောက်ပါပဲ။ သူတို့လည်း သူတို့ရောက်ရာ ဘ၀မှာ ပျော်နေကြတာပါ။
လူတစ်ယောက်မှာပြောစရာစကားမဲ့တာလောက် အခံရခက်တာမရှိဘူး။
ပျင်းပျင်းရှိတာနဲ့ မြေနုကျွန်းတွေဘက် ကျွန်တော်ထွက်လာခဲ့တယ်။ ပြောရအုံးမယ်။ ကျွန်တော်တို့ရွာက ဧရာဝတီမြစ်နဲ့ နှစ်မိုင်လောက်ဝေးတယ်။
ဧရာဝတီမြစ်နဲ့ နှစ်မိုင်လောက်ဝေးတယ်။ ဧရာဝတီမြစ်ရေတတ်ချိန်ဆို ရွာအနောက်ဘက် ကိုင်းပြင်ကြီးတွေဟာ ရေတွေ
ွချည်းပဲ။ လောင်းလှေတွေ တလွှားလွှားသွားခဲ့တာ သတိရမိနေသေးတယ်။ မြေနုကျွန်းဘက်မရောက်ခင် ကန်ဇင်းပင်ရိုးဆိုတာကို ဖြတ်ရသေးတယ်။
ကန်ဇင်းပင်ရိုးရေက လူမမှီလို့ လှေနဲ့ ဖြတ်ရသေးတာ။ ကုတို့ပို့တဲ့ ကလေးလေးက သူစိမ်းတစ်ယောက်လို ကျွန်တော့်ကို ခပ်ငေးငေးကြည့်နေတယ်။
ကျွန်တော်ဟာ သည်ရွာသားစစ်စစ်တစ်ယောက်ဆိုတာသူမသိရှာဘူး။ ကလေးက ကျွန်တော့်ကို သူစိမ်းတရံစာတစ်ယောက်လို့ပဲ ထင်နေတယ်။
အစ်ကိုကြီး ရေကြောက်တတ်သလားတဲ့။သူက ကျွန်တော့်ကို မေးခွန်းတစ်ခုနဲ့ ချည်နှောင်လိုက်တယ်။ ရေကြောက်တာပေါ့
လို့ ကျွန်တော်ကပြန်ဖြေတော့သူကအောင်နိုင်သူတစ်ယောက်လိုပြုံးတယ်။
ကျွန်တော်တို့ရွာသားတွေဆို ရမကြောက်ဘူး တဲ့။
ခါတိုင်းနှစ်တွေက သီတင်းကျွတ်ရင် ဧရာဝတီမြစ်ရေက ပြန်ကျတာပဲ။ သည်နှစ်တော့ရေထွက်ပေါက် ကန်ဇင်းရိုးပင်ကို ထိပ်ဝကနေ သဲတွေပို့သွားတော့
ရေတွေက မြစ်ထဲပြန်မဆင်းပဲ အီခံနေတယ်။ ဖောက်ထုတ်လို့ကလည်း မရဘူး။ သဲကြမ်းထုကတော်တော်ထူတယ်။ ရေပြန်ကျမှ စိုက်မယ် ပျိုးမယ်လို့ အား
ခဲထားတဲ့တောင်သူတွေလည်း ချွေးပျံနေကြရှာတယ်။ မမျှော်လင့်တဲ့ ရှုဒေါင့်ကနေ သဘာဝတရားရဲ့ တိုက်ခိုက်မှုကို အလူးအလဲ ခံလိုက်ရတယ်။
ကုတို့ပို့တဲ့ကလေးကို ချန်ထားရစ်ပြီး မြေနုကျွန်းတွေဘက် ကျွန်တော်ဆက်ထွက်ခဲ့တယ်။
သည်နှစ် ကျွန်တော်တို့ကိုင်းက မြေပဲတွေ တော်တော်ကောင်းတယ်။ အရွက်လေးတွေက ပိုးမွှားကင်းစင်ပြီး စိမ်းလဲ့နေတာ။
အဖေက မြေပဲတွေ တော်တော်ဥတာ နှုတ်ကြည့်ခဲ့ပါလားတဲ့။ ကျွန်တော်ကနှမျှောတာနဲ့ နှုတ်ချိန်မရောက်သေးတဲ့ မြေပဲပင်လေွးေကို နှုတ်မကြည့်ခဲ့ဘူး။
အဖေလား.....
အဖေကတော့ ကိုင်းထဲရောက်တိုင်း မြေပဲတွေ ဘယ်လောက်ဥသလဲလို့ ခဏခဏ နှုတ်ကြည့်တယ်။ ဥအနေအထားပေါ်မူတည်ပြီး သူ့ကိုင်းကနေ မြေပဲဘယ်လောက်တော့ထွက်မှာလို့ မှန်းတယ်။
အဖေ့မျက်နှာဟာ ပြုံးလဲ့နေတာပဲ။ အဖေက သူ့ဘ၀ကို ၀န်းကြီးချုပ်ရာထူးနဲ့ မလဲနိုင်ပေါင်လို့ ခဏခဏပြောတယ်။ သည်လိုနဲ့ အဖေလည်း အသက်အရွယ်ရင့်ရော်လာပါပြီ။
အဖေကတော့ မြေပဲပင်လေးတွေ နှုတ်ကြည့်နေဆဲပါပဲ။ ကျွန်တော်တို့ မြေနုကိုင်းရဲ့ အလယ်လောက်မှာ ရှားပင်ကြီးတစ်ပင်ရှိတယ်။ပင်စည်လုံးပတ်တင် လူနှစ်ဖက်စာလာက်ရှိနေပြီ။

ကျွန်တော် ရှားပင်အောက်မှာထိုင်ပြီး အရှေ့ဘက်ကို မျက်နှာမူလိုက်တယ်။ ကျွန်တော်တို့ ရွာကလေးဟာ နေရောင်အောက်မှာ မှိုင်းပျပျဖြစ်နေတယ်။ နေံလည်နေရဲ့ အပူရှိန်ကြောင့် တံလျှပ်တွေ ထနေတယ်။
အစိမ်းရောင် ကတ္တီပါစကြီးဟာ ရွာနဲ့ တစ်ဆက်တည်းပဲ။ မြေပဲခင်းကို ကြည့်လိုက်၊ ရွာကို ငေးလိုက်နဲ့ စိတ်တေါက တောင်ရောက် မြောက်ရောက်ပါး ပုဂံခေတ်လောက်
ကတည်းက လူတွေအခြေတကျနေထိုင်ပြီး မွေးဖွားလိုက်သေဆုံးလိုက်နဲ့ အခုအခြေအနေတိုင်တဲ့ အထိဆိုပါတော့။ ဘာမှလည်း ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး။ လူတွေလိုပဲ မန်ကျည်းပင်နဲ့ တမာပင်တွေဟာလည်း
ရှင်သန်လိုက်၊ ဓါတ်မြေသြဇာဖြစ်လိုက်နဲ့ပါ။ ကျွန်တော့် အဘိုးအဖွါးတွေက မေ့ပစ်ကြမှာ အမှန်ပါပဲ။ ဒီလိုပါပဲ စိတ်မကောင်းမဖြစ်ပါနဲ့ မိတ်ဆွေကြီး။ အချိန်တန်ရင် ကျွန်တော်လည်း ဒီလောကကြီးက ထွက်ခွါသွားရဦးမှာပါ။

မိတ်ဆွေကြီး...
ဆောင်းနံနက်ခင်းမှာ နှင်းတွေဝေပြီး ချယ်ရီတွေ မှန်မှန်ဖူးပွင့်ရဲ့လား။ မိုးလေ၀သမှန်ကန်ပြီး ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းရဲ့လား။ ငှက်ကလေးတွေ နေရောင်ခြည်မှန်မှန်ရရဲ့လား။ ကလေးတွေ ရှုရှိုက်ဖို့ လေကောင်းလေသန့်ရှိရဲ့လား။
ဆူနာမီတွေ လာဦးမှာလား။

ခင်ဗျားရင်ခွင် ဟောင်းလောင်းဖြစ်နေတာ ကျွန်တော်စိတ်မကောင်းဘူး။

မိတ်ဆွေကြီး...
သတိရလို့ ဖုန်းဆက်လိုက်တာပါ။
လူတွေ မကောင်းဘူး။
ဘနာဇီယာဘူတို ကို သူတို့လုပ်ကြံလိုက်ကြပြီ။ သူယုံကြည်ရာသူလုပ်တာ အပြစ်လား။
လူတွေ မကောင်းဘူး။
ကမ္ဘာကြီးကို အပိုင်းပိုင်းလုပ်ပြီး သူပိုင်တယ်၊ ငါပိုင်တယ် ငြင်းခုံနေကြတာ။
ခင်ဗျားကတော့ လူတွေကို ကြည့်ပြီး ပြုံးနေမလားပဲ။
လူတွေ မကောင်းဘူး မိတ်ဆွေကြီး။
ယဉ်ကျေးမှုဆိုတာကြီးနဲ့ အနာဂတ်ပျောက်ဆုံးနေကြတယ်။ လူဆိုတာ အရိပ်နေနေ အခက်ချိုးချိုးရယ်။
လူတွေ မကောင်းဘူး မိတ်ဆွေကြီး။ နူကလီးယားဗုံးတွေ အပြိုင်အဆိုင် ထုတ်နေကြတယ်။
အမုန်းတွေ၊ နာကျဉ်းမှုတွေ၊ အတ္တတွေကြောင့် နူကလီးယား စစ်ပွဲတွေ ဖြစ်ခဲ့ရင် . . .။
စိတ်မကောင်းဘူး မိတ်ဆွေကြီး။ သတိရလို့ ဖုန်းဆက်လိုက်တာပါ။ ။

Read More...

Thursday, January 3, 2008

ဖယောင်းတိုင်

မနေ့က ကဗျာရေးဖို့ကြိုးစားရင်း သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ ည ဆယ့်တစ်နာရီ ကျော်တော့ မိုးတွေ သည်းသည်းမည်းမည်း ရွာချသည်။ သည်နှစ် အပူလွန်မယ်ပြောခဲ့ပေမယ် မုန်တိုင်းတစ်ခုကြောင့် မိုးဦးစောပြီး အပူနည်းခဲ့သည်။ စံချိန်တင် မိုးရေချိန်ကြောင့် မြို့တော်မှာ ရေတွေလွှမ်းခဲ့ကြောင်း ဂျာနယ်တွေမှာ မြင်တွေ့ဖတ်ရှုနေရသည်။ ရာသီဥတုများ၏ အစိုးမရသော သဘောကို သူဆင်ခြင်နေမိသည်။ တချို့ညတွေမှာ ဟိုအကြောင်းဒီအကြောင်းတွေ စဉ်းစားရင်း ညဆယ့်နှစ်နာရီကျော်မှ သူ အိပ်ပျော်တတ်သည်။
သူစာအုပ်ဆိုင်ကပြန်ပြီး အိမ်ရောက်တော့ ညကိုးနာရီ ပိုပိုစွန်းနေပြီ။ နှစ်နှစ်ကျော်ကျော် သူ့သမီးလေးက မအိပ်သေးဘဲ အိမ်ရှေ့ထွက်ထိုင်ကာ မိဘနှစ်ပါးကို မျှော်နေတတ်သည်။ သမီးလေးကို ရပ်ကွက်ထဲမှာ ဆိုင်ကယ်တစ်ပတ် သူပတ်စီးပေးရသည်။ တခြားမိသားစုဝင်တွေ တီဗီရှေ့မှာ ကိုးရီးယားကား ထိုင်ငေးနေစဉ် သူက သမီးလေးအတွက် အချိန်ပေးရသည်။ သမီးလေး မအိပ်မချင်း ပုံပြင်တွေ ပြောပေးရသည်။ သမီးလေးကြိုက်တတ်သည့် သီချင်းကို ထပ်တလဲလဲ ဆိုပြီး ချော့သိပ်ရသည်။ သမီးလေး နှစ်နှစ်ခြိုက်ခြို့် အိပ်ပျော်သွားမှ သူစာရေးစားပွဲမှာ ၀င်ထိုင်သည်။ စာရေးဖြစ်သည်ဖြစ်စေ စာမရေးဖြစ်သည်ဖြစ်စေ စာရေးစားပွဲကိုတော့ ညစဉ်မှန်မှန် ထိုင်ဖြစ်သည်။ စာမရေးဖြစ်သည့် ညတွေမာသူ စာတွေထိုင်ဖတ်သည်။ နေ့ခင်းက မိတ်ဆွေ သူငယ်ချင်းတွေ ပြောခဲ့သည့် ဟာသအတိုအထွာလေးများကို မှတ်စုစာအုပ်မှာ ပြန်ရေးထားသည်။ သူက လစဉ်ထုတ် ဟာသမဂ္ဂဇင်းတွေမှာ ဟာသ၀တ္ထုတိုတွေ ပင်တိုင်ရေးပေးနေရသူဆိုတော့ သူ့အတွက် ဟာသအတိုအထွာလေးများကို ဇာတ်အိမ်ဆင်ပြီး ၀တ္ထုတိုတစ်ပုဒ် ပြန်ရေးရသည်။ သူက ဟာသနှင့်အလှမ်းဝေးသူ ဖြစ်ပေမဲ့ သူ့အပေါင်းအသင်းမိတ်ဆွေများကတော့ ဟာသဓါတ်ကြွယ်ဝလှသည်။ သူငယ်ချင်းများ၏ ဟာသဓါတ်ခံကို ၀တ်မှုံကူးပြီး သူ ဟာသစာရေးဆရာတစ်ပိုင်း ဖြစ်နေခြင်းဖြစ်သည်။ သူ့ဘ၀မှာ မှတ်မှတ်ရရ ကဗျာတစ်ပုဒ် ပုံနှိပ်ဖော်ပြခံရဖူးသည်။ သူ ကဗျာတွေကို ချစ်သည်။ ကဗျာဆရာတွေကိုလည်း လေးစားသည်။ သူချစ်သည့် ကဗျာဆရာတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိသည်။ သူ၏ ပုံနှိပ်ဖော်ပြခံသည့် ကဗျာခေါင်းစဉ်က ‘ရပ်နားခြင်း´ဖြစ်သည်။ ‘ရပ်နားခြင်း´ကဗျာစာမူ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရပြီးကတည်းက မဂ္ဂဇင်းတွေကို သူကဗျာမပို့တော့ရန် ဆုံးဖြတ်လိုက်၏။ မဂ္ဂဇင်းတွေ ကဗျာမပို့ဖြစ်တော့ပေမဲ့ ကဗျာတွေ ပြန်ဖတ်နေတတ်သည်။ ကဗျာတွေ ဖတ်နေရလျှင် သူ့စိတ်အစဉ်မှ သောကမြူမှုန်တွေ ကင်းစင်နေတတ်၏။
သူရေးလက်စကဗျာကို တစ်ပိုင်းတစ်စဖြင့် ရပ်နားလိုက်ရသည်။ သူလိုချင်သည့် စကားလုံးတစ်လုံးကို ခေါင်းထဲမှ နှိုက်ထုတ်မရဖြစ်နေသည်။ ကဗျာက ရှေ့ဆက်မသွားတော့ဘဲ သူ့အလိုလို ရပ်သွားသည်။ သူ့စာရေးစာပွဲမှာ အဆုံးသတ်မရသည့် ကဗျာတွေ တစ်ပိုင်းတစ် ကဗျာတွေ ပျံဝဲနေသည်။ သူခေါင်းတွေ ပူသွားတာနှင့် စာရေးစားပွဲမှာ ဆက်မထိုင်တော့ဘဲ အိပ်ယာထဲ ၀င်လာခဲ့သည်။
တိုင်ကပ်နာရီက တစ်ဆယ့်နှစ်နာရီထိုးကြောင်း သတိပေးနေသည်။ အိပ်ယာထဲတွင် ဇနီးနှင့် သမီးငယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူဂွမ်းကပ်စောင်ကို အပေါ်ဆွဲတင်ပြီး အိပ်ပျော်ဖို့ ကြိုးစားသည်။ သူငယ်စဉ်က ဖတ်မှတ်ခဲ့ဖူးသည့် စာတွေပေတွေထဲမှ ဇနီးဝတ္တရားငါးပါးကို သတိရပြီး ပြုံးမိသေးသည်။ သူ့ဇနီးကတော့ သူ့အရင် အိပ်ယာဝင်ပြီး အိပ်ပျော်ခဲ့တာများသည်။ ဇနီးသည်ခမျာလည်း ဆိုင်ကူရ၊ အိမ်ဗာဟီရကိစများအတွက် သူမကို အပြစ်မပြောသာ။
လစဉ်ထုတ်မဂ္ဂဇင်းတစ်စောင်မှာ သူ့စာမူပါလာသည့် နေ့မျိုးဆိုလျှင်တော့ သူ့ဇနီးသည်က သူ့ကိုမျက်စောင်းတခဲခဲ ရှိနေတတ်သည်။ သူကလည်း မန္တလေးက၀င်လာသည့် စာအုပ်ထုပ်ကိုဖောက်ပြီး မဂ္ဂဇင်းမာတိကာတွေကို အငမ်းမရ လှန်လှောရှာသည်။ သူ့စာမူတွေ့လျှင် မျက်လုံးမှ မဂ္ဂဇင်းမှ မခွာတော့။ တစ်ခြားလုပ်ရမည့် အလုပ်ကိစတွေကိုလည်း မေ့သွားသည်။ ကိုယ်တိုင်ရေးခဲ့သည့် စာမူဖြစ်ပေမဲ့ ပုံနှိပ်စာလုံးဘ၀မှာ ဘာတွေများ မေ့ကျန်ခဲ့လေမဲဟု ပြန်စစ်သည်။ စာစီ အကျအပေါက် အမှားတွေကို ရှာသည်။ သရုပ်ဖော်ပန်းချီဆရာ၏ သူ့ဝတ္ထုတိုလေးအပေါ်ကနေ သူ့မျက်လုံးတွေကို တော်တော်နှင့်မခွါဖြစ်။ အချိန်သိပ်ကြာသွားလျှင်`အခေါက်ခေါက်အခါခါ တစ်ရာရှိပါပြီ´ဟု ဇနီးသည်က သတိပေးတတ်သည်။
တစ်နေ့ကတော့ ၀တ္ထုတိုတွေပါသည့် မဂ္ဂဇင်းငါးအုပ်ကို သူအိမ်မှ သယ်ယူသွားပြီး မိတ်ဆွေပန်းချီဆရာတစ်ယောက်ထံ အရောင်တွေထည့်ခိုင်းသည်။ သရုပ်ဖော်ပုံမှာ လေးရောင်ထည့်ထားသည့် သူ့ဝတ္ထုတိုလေးများကို သူ တစိမ့်စိမ့်ကြည့်သည်။ ၀တ္ထုတိုလေးများက အရောင်တောက်တောက်များဖြင့် ကြွတက်နေသည်။ ဇနီးသည်က စာအုပ်စာရင်းတွေလုပ်ရင်း သူ့နားတိုးကပ်လာသည်။
`ရှင် ရှင်ဝတ္ထုတိုတွေကို အဲသလောက်ချစ်နေရင် ကျွန်မကို ဘာလို့ယူခဲ့လဲ။ အဲသည် ၀တ္ထုတိုတွေနဲ့ပဲ နေပေါ့။ ကျွန်မကလည်း ရှင်အဲသည် ၀တ္ထုတိုတွေကို ခုလိုချစ်မှန်းမသိလို့ ရှင့်ကို ယူခဲ့မိတာ´


သူ ဇနီးသည်ကို ဘာမှ ပြန်မပြောသာဘဲ ဆိတ်ဆိတ်နေလိုက်ရသည်။ သူ သူ့ဇနီးကို ချစ်မြတ်နိုးလို့ လပ်ထပ်ခဲ့တာ မှန်ပေမဲ့ သူ့ဝတ္ထုတိုလေးများကိုလည်း သူမြတ်နိုးပါသည်။ သူ အိပ်ပျော်ဖို့ ကြိုးစားရင်း ဇနီးသည်၏ စကားပြန်လည် ကြားယောင်နေသည်။
လေပြင်းတစ်ချက်နှစ်ချက် ဆောင့်ဝင်ပြီး ထောပတ်ရွက်တွေ တဗြောဗြော အသံမြည်သွားသည်။ ခဏနေတော့ မိုးကသည်းသည်း မည်းမည်းအငြိုးတကြီး ရွာချသည်။ မိုးပြင်းသံတွေ လွှမ်းခြုံရင်း သူနှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားတော့သည်။ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်ရ အိပ်ယာမှနိုးတော့ လန်းဆန်းဖျတ်လတ်နေသည်။ စိတ်ထဲမှာ အကြည်ဓါတ်လေး ကိန်းအောင်းနေ၏။ ဘုရားစင်ရှေ့ သူ ၀ပ်ဆင်းလိုက်သည်။ သူသည် ဗုဒဘာသာ မြန်မာစစ်စစ် တစ်ယောက်ဖြစ်သည်။ သူ ဘုရားကို ယုံကြည်သည်။ တရားကို ယုံကြည်သည်။ သံဃာကို ယုံကြည်သည်။ ဒါပေမဲ့ အခုလို ကြည်ကြည်နူးနူး ကျေကျေနပ်နပ် ဘုရားစင်ရှေ့မှာ မထိုင်ဖြစ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟတွေနှင့် သည်ဘုရားစင်လေးကို မညစ်နွမ်းစေချင် ဖြစ်သည်။
ဘုရားစင်နှင့်ကပ်လျှက် ယှဉ်တွဲချိတ်ထားသည့် ပဋိစ သမုပါဒ် စက်ဝိုင်းကြီးကို သူငေးကြည့်နေဖြစ်သည်။ ဘ၀၏ ဖြစ်တည်မှုကိုသာမက ဖြစ်တည်မှု၏ လာရာအတိတ်နှင့်လားရာ အနာဂတ်ကိုပါ ရှင်းပြထားသော သံသရာစက်ဝန်းဖြစ်သည်။ စက်ဝန်းကို ငေးရင်း သူဘ၀ကို ဆင်ခြင်နေမိသည်။ ဘ၀ကို ဆင်ခြင်ရင်း ပရမတ္တသစာ (A) နှင့် သမုတိသစာ (R) တို့ဆီ အတွေးကရောက်သွားပြန်သည်။ ထိုခဏငယ်အတွင်းမှာပင် အလုပ်ကိစတွေ ခေါင်းထဲပြန်ဝင်လာပြီး စိတ်တွေ ပြန်လည်နောက်ကျိသွားပြန်သည်။
သူ ဘုရားစင်ရှေ့မှ ထသည်။ မျက်နှာ ကပျာကယာသစ်သည်။ သွား ကပျာကယာတိုက်သည်။ ထမင်းကြော်ကို မြန်မြန်စားသည်။ အိပ်ကနေ ခပ်သွက်သွက် လှမ်းထွက်လိုက်၏။ မနေ့ညက F ဂျာနယ်တွေ မန္တလေးကနေ ရောက်လာရာမှာ ရောက်မလာဘူး။ အိမ်ကနေ စောစောထွက်ပြီး အောင်ရတနာကားဂိတ် ၀င်မေးရမည်။ အအိပ်မက်သည့် ကားဆရာနှင့်တွေ့လျှင် ဂျာနယ်တွေ နေမြင့်မှ လာချလျှင် ခက်မည်။ ညကားနှင့် ဂိတ်မှာ ဂျာနယ်တွေ ရောက်မနေလျှင် မန္တလေးဂိတ်မှူး ဦးမျိုးဆီ ဘယ်ကားနံပါတ်နှင့် ထည့်ပေးလိုက်သလဲ ဖုန်းဆက်မေးရမည်။ သူ ဂိတ်ကို ၀င်မေး၏။ ဂိတ်မှာ ဂျာနယ်တွေ ရောက်မနေတော့ တစ်ဆက်တည်း `ရှိုင်း´မှ ဦးပြုံးဆီ သွားပြီး မန္တလေးကို ဖုန်းဆက်သည်။
`ဂျာနယ်ထုပ်တွေ တင်ထားတဲ့ ကား မနေ့နေ့လည်က လူမပြည့်လို့ မထွက်နိုင်ဘူး´
သူ သက်ပြင်းမောကို ဟူးခနဲ မှုထုတ်လိုက်သည်။ ဂိတ်မှူးတွေမှာလည်း ဆိုင်ရာဆိုင်ရား ကားသမားလေးတွေ ရှိသည်။ လူနိုင်တွေရှိသည်။ ကိုယ့်ကား အလှည့်မကျသေးလို့ မထွက်နိုင်သေးပေမဲ့ ပစည်းထုပ်၊ တန်ဆာထုပ်တွေ အတင်းယူတင်ထားလိုက်တာမျိုး ရှိသည်။ တခြားစာအုပ်ထုတ်တွေမှာ ဘယ်အချိန်ရောက်ရောက် ပြ နာမရှိပေမဲ့ ဂျာနယ်ကျတော့ နှစ်နာရီ သုံးနာရီတောင် အတိမ်းအစောင်းခံတာမဟုတ်။ အားကစားဂျာနယ်ဆိုလျှင် ပိုဆိုးသေးသည်။ ဘောလုံးပွဲတွေ ကန်ပြီးမှ ဂျာနယ်ထုပ်ရောက်လာလျှင် ဂျာနယ်ပုံကြီး ငေးကြည့်နေရုံ၊ ဂျာနယ်အလုပ်သဘောကို ကားသမားတွေ နားလည်စာနာလျှင် ကောင်းမည်ဟု သူတွေးနေမိသည်။ ဂိတ်မှူးကတော့ သူ့အခက်အခဲတွေ ပြောပြတိုင်း `ဟုတ်ကဲ့ ခင်ဗျာ၊ ဟုတ်ကဲ့ခင်ဗျ´ဟု ခေါင်းငြိမ့်နေတာက များသည်။
သူဆိုင်ပြန်လာပြီး မျက်နှာချင်းဆိုင်မှ လက်ဖက်ရည်ဆိုင်မှာ ၀င်ထိုင်သည်။ ကော်ဖီခါးခါးတစ်ခွက်မှာသောက်သည်။ အားကစားဂျာနယ် ၀ယ်နေကျ ဖောက်သည်တွေက ဂျာနယ် မရောက်သေးဘူးလား၊ မရောက်သေးဘူးလားနှင့် တစ်ယောက်ပြီး တစ်ယောက် လာမေးသည်။ သူက ဂျာနယ်မရောက်သေးကြောင်းနှင့် ဘာကြောင့် ဂျာနယ်တွေ အရောက်နောက်ကျရကြောင်း တစ်ယောက်ပြီးတစ်ယောက် သဘောပေါက်အောင် ရှင်းပြနေရသည်။ ရှင်းပြရင်း ရှင်းပြရင်း တဖြည်းဖြည်း သူ့ပါးစပ်ထဲမှ စကားလုံးတွေ လေးလံလာသည်။ စကားလုံးတွေ သွက်သွက်လက်လက် ထွက်ကျလာဖို့ အခက်အခဲဖြစ်လာသည်။
သည်နှစ် ပရီးမီးယားလိဂ်ရာသီမှာ မန်ယူဗိုလ်စွဲဖို့ သေချာသလောက် ဖြစ်သွားပြီ။ ချယ်ဆီး၏ သုံးနှစ်ဆက်တိုက် ဖလားရဖို့အရေးကို မန်ယူက ခြေဖျက်လိုက်နိုင်သည်။ သူတို့ မြို့ကလေးမှာ မန်ယူပရိသတ်တွေကများသည်။ မန်ယူဂိုးသွင်းလိုက်တာနဲ့ ဘောလုံးပွဲရုံ၏ အမိုးတွေ ပွင့်ထွက်သွားမတတ် အော်ဟစ်အားပေးကြသည်။ မန်ယူရှုံးသည့်နေ့မျိုးဆိုလျှင်တော့ တစ်မြို့လုံး ငြိမ်ကျသွားတတ်၏။ ချယ်ဆီးမန်နေဂျာ မော်ရင်ဟိုကုယိ သူသဘောကျပေမဲ့ မန်ယူကိုတော့ နိုင်စေချင်သည်။ မန်ယူနိုင်သည့် နေ့မျိုးဆိုလျှင် သူ့ဆိုင်က အားကစားဂျာနယ်တွေ ပြိုက်ခနဲ ကုန်သွားတတ်သည်။ အင်္ဂလန်ကျွန်းမှာ ရှိနေသည့် မန်ယူနှင့် သူ့စီးပွားရေးက တိုက်ရိုက် အချိုးကျနေတတ်သည်။ ဘာမှမဆိုင်ဘူဟု ထင်ရပေမဲ့ မန်ယူနိုင်မှ ဖြစ်မှာဟု သူတွေးနေဖြစ်သည်။
ခဏနေတော့ သူ လက်ဖက်ရည်သောက်နေသည့် ဘေးသို့ သိစိတ်ချို့ယွင်းနေသည့် လူငယ်တစ်ယောက် ရောက်လာသည်။ လူငယ်ဆိုပေမဲ့ အသက်သုံးဆယ်ငါးနှစ်လောက်တော့ ရှိမည်ထင်သည်။ ထိုပုဂ္ဂိုလ်လေးက ဗိုက်ကို ပုတ်ပြပြီး အီကြာကွေးတစ်ချောင်း လှမ်းတောင်းသည်။ ခါတိုင်းနေ့တွေမှာလည်း တောင်းတိုင်းပေးနေကျဆိုတော့ ထိုပုဂ္ဂိုလ်လေး၏ မျက်ဝန်းတွေက သေချာရဲဝံ့နေသည်။
`ပိုက်ဆံမပါဘူး´
သူခပ်တင်းတင်း လက်ခါပြလိုက်သည်။ သိစိတ်ပုံမှန် မဟုတ်ဘူးဆိုပေမဲ့ ခဏငိုင်သွားသည်။ ပြီးမှ `ခင်ဗျားဆိုင် သည်လောက်ရောက်ကောင်း နေတာဗျာ၊ ပြီးတော့ ခင်ဗျားပဲ ပြောပြောနေသေး။ So ဆို´
သူစိတ်တိုရအခက်၊ ရယ်ရအခက် ဖြစ်သွားသည်။ ဘေးနားစားပွဲကလူတွေ ခပ်ပြုံးပြုံး ဖြစ်သွားသည်။ သူ အီကြာကွေး တစ်ချောင်း ယူပေးလိုက်သည်။ ထိုပုဂ္ဂိုလ်လေးက အီကြာကွေးကိုင်ပြီး စိုက်စိုက် စိုက်စိုက် ထွက်ခွာသွားသည်။ လမ်းချိုးအကွေ့ ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်နားရောက်တော့ ခြေထောက်ကို စုံရပ်သည်။ ဘေးဘယ်ညာ ကြည့်သည်။ ဆက်လျှောက်သည်။ လမ်းမပေါ်တွင် ကားတွေ၊ ဆိုင်ကယ်တွေ ရပ်တန့်သွားသည်။ လမ်းပိတ်ဆို့မှု ဖြစ်ပြီ။ ဟွန်းသံတွေ တတီတီ မြည်သွားသည်။ အောင်ရတနာဂိတ်မှူး ဦးရဲက သူတို့နှစ်ယောက်ကို ခွဲထုတ်ပေးလိုက်ရသည်။
သူလက်ဖက်ရည်ဆိုင်ကို ကျောခိုင်းကာ ဆိုင်ထဲပြန်ဝင်လာခဲ့သည်။ စာအုပ်တွေကို နေသားတကျ ပြန်စီသည်။ ဂျာနယ်တွေ သပ်သပ်ရပ်ရပ် ထပ်သည်။ ကွာစိခွံတွေ၊ ပလပ်စတစ်အိပ်တွေကို လှဲထုတ်သည်။ နံရံပေါ်မှ စာအုပ်တွေကို ဖုန်သုတ်ပေးသည်။ နံရံကပ်စင်ပေါ်မှာ စာအုပ်တွေ လျော့နေလျှင် ကောင်တာထဲမှ ယူထုတ်ပြီး ပြန်ဖြည့်သည်။ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြီးသွားလျှင် အားကစားဂျာနယ်တွေ လျော့ရမည်။ ပြည်တွင်းသတင်းဂျာနယ်နှင့် နိုင်ငံတကာ သတင်းဂျာနယ်တွေ ပိုမှာရမည်။
wtc ကို လေယာဉ်နှင့် ၀င်တိုက်တုန်းကတော့ သူ့ဆိုင်မှာ နိုင်ငံတကာ သတင်းဂျာနယ်တွေ တော်တော် လေး ရောင်းလိုက်ရသည်။ အခုတော့ အိုစမာဘင်ဘာဒင်လည်း ငြိမ်သက်သွားပြီ။ မြောက်ကိုရီးယားက ဂျပုလေးကလည်း သိပ်မလှုပ်တော့။ အီရန်သမတ အာမက်ဒင်နီဂျက်ကလည်း ငြိမ်သွားပြန်ပြီ။ ကမ္ဘာ့အရေးကလည်း ခပ်အေးအေးဖြစ်နေပြီ။
စာအုပ်တွေစီပြီး ဖုန်ခါရင်း ဒေါက်တာသိန်းလွင်၏ `ကိုယ်ကျင့်တရားနှင့် ဘ၀အောင်မြင်ရေး´စာအုပ်ကလေး ငေးဖြစ်သည်။ သည်စာအုပ်ကလေး သူ့ဆိုင်ရောက်နေတာ လေးနှစ်လောက်ရှိနေပြီဖြစ်သည်။ ဈေးနှုန်းလည်း သိပ်ကြီးမြင့်နေတာမျိုး မဟုတ်ဘဲ စာအုပ်လေးက ရောင်းမထွက်။ ဟာသ၊ ဗေဒင်နှင့် တခြားယတြာစာအုပ်တွေသာ ကုန်သွားသည်။ သည်စာအုပ်ကလေးကတော့ သခင်ချစ်နေဆဲ ဖြစ်သည်။ လူတွေကလည်း ကိုယ်ကျင့်တရားစာအုပ် ဆိုတာကြီးကို ၀ယ်ရကောင်းမှန်း မသိတော့ဘူးလား။ စိတ်များ မ၀င်စားတော့ဘူးလား။ သူ တောင်တွေး မြောက်တွေးလုပ်ရင်း စိတ်တွေ လွင့်သွားသည်။
`ဟယ်လို … မင်္ဂလာပါ´
သူ နောက်လှည့်ကြည့်လိုက်တော ဆိုခရေးတီး ဖြစ်နေသည်။ နာမည်အရင်းကတော့ ဆိုခရေးတီး မဟုတ်ပါဘူး။ စီပူးပါ။ မှုတ်ဆိတ်ရှည်ရှည်တွေ မရိတ်ဘဲထားလျှင် ဆိုခရေးတီးနှင့် တူသဖြင့် သူက စီပူးကို ဆိုခရေးတီးဟု ခေါ်ခြင်းဖြစ်သည်။ သည်မြို့ကလေး၏ လက်ဆယ်ချောင်း မပြည့်သော မိတ်ဆွေစာရင်းတွင် ဆိုခရေးတီးလည်း ပါသည်။ ဆိုခရေးတီးဆိုတာ ခပ်ဂေါက်ဂေါက် ဆိုသည့်အမျိုးအစားထဲမှ ဖြစ်သည်။ မကြာခဏ သူလေ့လာနေသည့် ဂီတအကြောင်းတွေ လာလာရင်ဖွင့်တတ်သည်။ တစ်ခါတစ်ရံ သူကြိုက်နေသည့် ခပ်ချောချော အမျိုးသမီးအကြောင်းတွေလည်း လာလာပြောတတ်သည်။ တယ်လီပသီနည်းနှင့် စိတ်ချင်း ဆက်သွယ်လို့ရအောင် သူကြိုးစားနေကြောင်း။ သူမ မေတ္တာတွေ ပို့လွှတ်နေသည့် အကြောင်းတွေလည်း ပါသည်။
`ကျွန်တော် ဂီတကို လေ့လာနေတာ ငါးနှစ်ရှိသွားပြီ။ ငါးနှစ်တင်းတင်းပြည့်တဲ့ အချိန်မှာ ဂီတရဲ့ သဘာဝကို ကျွန်တော် ရိပ်စားမိခဲ့သည်။
ဆိုခရေးတီးက ခံစားချက် အပြည့်ဖြင့် ဆက်ပြောသည်။
`ဂီတမှာ တိုင်ပင်တွေ ပါတယ်။ ရုပ်ဝတ္ထုပစည်းတွေ အားလုံးဟာ တိုင်ပင်တွေနဲ့ ရွေ့လျားနေကြတာ။ အဲဒီတော့ လောကကြီးတစ်ခုလုံးဟာ ဂီတပဲပေါ့ဗျာ။ ရထားမြည်သံဟာလည်း ဂီတပဲ။ ဆိုင်ကယ်စက်သံဟာလည်း ဂီတပဲ။ အနည်းဆုံး ဟိုဘက်အခန်းက စက်ချုပ်ဆရာရဲ့ တူထုသံဟာလည်း ဂီတပဲပေါ့။ ဟောဟိုမှာ ဂီတလာနေပြီ။
ဆိုခရေးတီးမျက်လုံးတွေက တောင့်တောင့်ဖြောင့်ဖြောင့် ကောင်မလေးတစ်ယောက်ထံ ရွေ့သွားပြီဖြစ်သည်။ သည်ဂီတကတော့ ရင်ဖိုစရာကောင်းသည်။ ဆိုခရေးတီး အကြည့်တွေက သူ့ဆိပ်ကမ်းကို ပြန်ကပ်သည်။ ဆိုခရေးတီးက နှုတ်နည်းနေသည့် သူ့ကို စေ့စေ့ကြည့်၏။
`ခင်ဗျား သိပ်လေးနက်နေပါလား။ သိပ်လေးနက်မနေနဲ့။ ဆေးတွေဘာတွေ စားနေရမယ်။ ပေါ့ပေါ့ပါးပါးတွေး၊ ပေါ့ပေါ့ပါးပါးနေပါ။ ဘ၀ဆိုတာ ဖယောင်းတိုင် တစ်တိုင်ပဲ။ အချိန်တန်ရင် ကုန်သွားလိမ့်မယ်။ အဲသလို ခပ်တည်တည်ကြီး လုပ်နေရင် ခင်ဗျားရဲ့ မျက်လုံးနှစ်လုံးကို ဟောသလိုလို ထိုးဖောက်ပစ်လိုက်မယ်။´
ဆိုခရေးတီးက `ငါလာပြီ ဟေ့´ဆိုပြီး ဟန်နှင့်ပန်နှင့် လုပ်ပြတော့ သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ်ကြီး ရယ်မောပစ်လိုက်သည်။ ဆိုခရေးတီးက ကောလိပ်ဂျင်နေ၀င်း သားအကြီးကောင်ဆိုက်တွေ ဖမ်းပြနေသေးသည်။ လက်တွေ ခြေထောက်တွေ ဟိုယမ်းသည်ယမ်းနှင့်။
`မမကြီး အိမ်ရှေ့မသွားဘူးလား´ သူ အစဖော်ပေးလိုက်သည်။
`မမကြီး သိပ်ရက်စက်တယ်ဗျာ သိလား။ ဟိုတစ်နေ့က သူ့အိမ်ရှေ့သွားထိုင်တာ၊ မှောင်ရိပ်ခိုမှုနဲ့ ရဲစခန်းသွားတိုင်တယ်။ ကျွန်တော် ရေရေလည်လည် ကြွေသွားတယ်။´
ဆိုခရေးတီးက သူ့ကို ခိုတစ်ကောင်လို ငြီးပြနေသည်။
`သွားစမ်းပါ။ ခင်ဗျားပဲ မမကြီးအတွက်ဆို ဓူဝံကြယ်ခူးပေးမယ်လေး ဘာလေးနဲ့။ ရဲစခန်းမှာ တစ်ညလေး အိပ်ရတာနဲ့များ´
´ခင်ဗျားတို့ အဘိုးကြီးတွေ သိပ်ခက်တာပဲ။ အဲဒါ လင်္ကာဗျာ။ အလင်္ကာ သိရဲ့လား။ မိန်းမချောချောလေးတွေကို အလင်္ကာနဲ့ ခြွေရတယ်။ ကျွန်တော်က ရုပ်ကြမ်းပေမဲ့ အသည်းနှလုံးက သိပ်နုတာ။
သူအလုပ်များချင်ယောင်ဆောင်လိုက်တာနှင့် ဆိုခရေးတီးက လက်ပြနှုတ်ဆက် ကမ်းမှခွာသွားသည်။
သူ ငှါးဆိုင်တွေက ၀ယ်သွားသည့် စာအုပ်စာရင်းတွေ လုပ်နေစဉ် မန္တလေးက ဖုန်းဝင်လာသည်။ ဦးပြုံးလာပေးသည့် ဖုန်းကိုယူပြီး သူနားထောင်လိုက်သည်။ တစ်ဖက်က ပြောစကားတွေ နားထောင်ပြီး သူ့ပါးစပ်မှ ဟုတ်ကဲ့ ဟုတ်ကဲ့တွေ မိုးမွန်သွားသည်။
´ငွေလိုတယ် ဟုတ်လား။ ကျွန်တော်နှင့် ဆက်ဆံခဲ့တဲ့ ဆယ်နှစ်လုံးလုံး အစ်မတို့ ငွေလိုနေခဲ့တာပဲ မဟုတ်လား´ သူ အဲသလိုပြောတော့ သူ့အစ်မ မသဇင်က ရယ်သည်။ ရှိတာလေး အခု စုလွှဲပေးလိုက်မယ် ပြောပြီး သူ ဖုန်းချလိုက်သည်။
သူ စုထားသည့် ပိုက်ဆံတွေ ယူပြီး ပုဂ္ဂလိကဘဏ်ကြီး တစ်ခုဆီ ထွက်လာခဲ့သည်။ သူ သိပ်မပျော်မရွှင် ဖြစ်နေသည် သူ့မှာ ပေးစရာ ငွေကြေးတွေ ရှိနေခဲ့သည်။ ငွေကြေးနှင့် ပတ်သက်လာလျှင် သူမပျော်မရွှင်နိုင်ခဲ့တာ ကြာပြီဖြစ်သည်။ သူ အဆင်မပြေမှုတွေကို ဘောလုံးတစ်လုံးလုပ်ပြီး ကန်ထုတ်ပစ်လိုက်သည်။ သူ့အကြည့်တွေက ထီဆိုင်ကြီးတစ်ခုဆိ ရောက်သွားသည်။ ရည်ရွယ်မထားပါပဲ သူ့ခြေလှမ်းတွေက ထီဆိုင်ဆီ တိုးဝှေ့သည်။ သူ ထီ ဆယ်စောင်တွဲတစ်တွဲ ဖြုတ်ယူလိုက်သည်။ ငွေနှစ်ထောင်နှင့် တစ်လစာမျှော်လင့်ချက်တွေ ၀ယ်ယူလိုက်သည်။ သူ့လို အခြေခံ လူတန်းစားတစ်ယောက်အတွက် ကံတရားလိုသည်။ မျှော်လင့်ချက်လိုသည်။ သိန်းငါးရာဆိုတဲ့ ငွေကြေးဟာ နည်းတာမဟုတ်ဘူး။ သိန်းငါးရာထီသာ ပေါက်ခဲ့လျှင် ငွေလိုနေတယ်ဟု ခဏခဏ ပြောသည့် သူ့အစ်မ မသဇင်၏ပါးစပ်ကို သိန်းနှစ်ရာလောက်နှင့် ပိတ်ပစ်ရမည်။ ပြီးတော့ ပိုက်ဆံမရှိဘဲ မဂ္ဂဇင်း ထုတ်ချင်သည့် မန္တလေးမှ ကဗျာဆရာ ကိုဆံရှည်ကို သိန်းတစ်ရာလောက် ပေးပစ်လိုက်မည်ဟု စိတ်ကူးသည်။ လူရာမ၀င်သည့် သူ့စိတ်ကူးစိတ်သန်းတွေကို သည်ငွေတွေနှင့် လဲပစ်ရမှာတော့ နှမျောစရာကောင်းသည်။
လမ်းမတန်းပေါ်တွင် ကားတွေ၊ ဆိုင်ကယ်တွေ အတင်းတိုးဝှေ့နေ၏။ သည်လူတွေမှာလည်း မျှော်လင့်ချက်တွေ၊ ကံတရားတွေ၊ ပြ နာတွေ၊ သောကတွေနှင့် လုံးချာလည်နေမှာပဲဟု သူတွေးသည်။ လူတွေ၏ အပြုံးများဟာ ၀တ်ကျေတန်းကျေ ဆန်လာသည်ဟု သူထင်သည်။ သူ့စိတ်၏ ထင်ယောင်ထင်မှားမှုလားတော့ သူလည်း မဝေခွဲတတ်။ တောင်မင်း တောင်ဘက်မှ မိုးတိမ်မည်းမည်းများ ရွှေ့လာနေသည်။ လေက တစ်ချက် တစ်ချက် ဝှေ့သည်။ လေအဝှေ့မှာ မိုးတစ်ဖွဲ နှစ်ဖွဲ လွင့်လာသည်။ လေအဝှေ့မှာ အမှိုက်တစ်စနှစ်စ ပါသည်။
သူ ဆယ်မိနစ်လောက် လမ်းလျှောက်အပြီးမှာ ပုဂ္ဂလိက ဘဏ်ရှေ့ရောက်လာသည်။ ဘဏ်ရှေ့မှာ ခြေစုံရပ်လိုက်တာနှင့် တံခါးက ပွင့်သွားသည်။
`မင်္ဂလာပါရှင့်၊ ဘာကူညီပေးရမလဲ´ ဧည့်ကြိုဝန်ထမ်း တစ်ယောက်က အပြုံးလဲ့လဲ့ဖြင့် နှုတ်ဆက်စကားဆိုသည်။ သူ ဧည့်ကြို ကောင်မလေးက ခပ်တည်တည်ကြည့်သည်။
`သိပ်များများစားစားကြီး အကူအညီတောင်းစရာတော့ မရှိပါဘူး။ ညီမလေးတို့ဘဏ်က အတိုးနည်းနည်းနဲ့ ငွေကျပ် သိန်းငါးရာလောက် ချေးပေးဖို့ပါ။´
ဧည့်ကြိုကောင်မလေး နှုတ်ဆွံ့ပြီး ပါးစပ်ပိတ်သွားသည်။ အဓိပါယ်တစ်မျိုးဖြင့် သူ့ကို စိုက်ကြည့်နေသည်။ ထိုကောင်မလေးကို ချန်ထားရစ်ပြီး ငွေလွှဲကောင်တာဆီ သူသွားသည်။ သူပြောချင်ရာတွေ ပြောချလိုက်ရတော့ စိတ်ထဲပေါ့ပါးသွားသည်။
ငွေလက်ခံသည့် ကောင်မလေးက စောစောက ပေါလန်ကြီးနှင့် စကားပြောတော့ ရွှန်းလဲ့နေပေမ့ သူ့ကျ ခပ်တည်တည် ဖြစ်သွားသည်။ ငွေပုံကြီးတွေ ကြည့်ပြီး သူ သိပ်ငယ်သလို ခံစားလိုက်ရသည်။ သိန်းငါးရာ ထီသာပေါက်လျှင် ကျန်သည့် သိန်းနှစ်ရာနှင့် သည်ကောင်မလေးကို ပစ်ပေါက်ပစ်လိုက်မည်။ သိန်းနှစ်ရာလောက်နှင့်ဆိုလျှင် သည်ကောင်မလေး ရူးသွားမှာ သေချာသည်။ ရုပ်ကခပ်ချောချောလေးဆိုတော့ ရူးသွားလည်း ကြည့်ကောင်းမှာပဲဟု သူတွေးသည်။ သူငွေလက်ခံပြေစာလေးယူပြီး ဘဏ်ထဲမှ တိုးထွက်လိုက်သည်။
အခုတော့လည်း ရာသီဥတုက သူမဟုတ်သလို မိုးတိမ်မည်းမည်းတွေ ကင်းစင်သွားပြီး နေရောင်တွေ ဖြာကျလာသည်။ ဘဏ်ရှေ့မှာ ခိုတွေ တောင်ပံတဖြောင်းဖြောင်း ရိုက်ခတ်နေသည်။ ပန်းချီဆရာ ကိုဖိုးအောင်က ခိုတွေကို အစာကြွေးသည်။
သူ ငွေလွှဲရာက ဆိုင်ထဲပြန်ရောက်တော့ သူ့မိတ်ဆွေ ကိုပိုင်သျှင်မင်းနှင့် ကိုကျော်ရှိန်းတို့ ရောက်နေကြသည်။ သူတို့နှစ်ယောက်က နောက်ကျပြီးမှ ရောက်လာသည့် အားကစားဂျာနယ်တွေကို သည်းသည်းမည်းမည်း ရပ်ဖတ်နေကြသည်။ သည်နေ့ည တစ်နာရီခွဲမှာ မန်ယူနှင့်ချယ်ဆီး FA Cup ဗိုလ်လုပွဲရှိသည်။
ပိုင်သျှင်မင်းက သူတို့မြို့ကလေး၏ ရုပ်ရှင်မင်းသားဟောင်းကြီး တစ်ယောက်ဖြစ်သည်။ ရုပ်ရှင်မင်းသားဆိုပေမဲ့ ရုပ်ရှင်ကားတွေ တော်တော်များများ ရိုက်ခဲ့ရတာတော့ မဟုတ်။ သူက ရုပ်ရှင်ကို အရမ်းခရေဇိဖြစ်တာနှင့် နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက်ငှါးပြီး ပေတစ်ရာလောက် ရိုက်ကြည့်ဖူးခြင်းဖြစ်သည်။ မိဘတွေလည်း မျိုးရိုးစဉ်ဆက် ချမ်းသာခဲ့တာဆိုတော့ သူ့မှာ ရူးသွပ်ခွင့်တွေ ရှိနေသည်။ ပိုင်သျှင်မင်းရုပ်ကလည်း မင်းသားဂိုက်ပါသည် ပြောရမည်။ ထောင်ထောင်မောင်းမောင်းနှင့် မဟာနဖူးဆိုတာ အကျယ်ကြီး။ ဒိုင်ဗင်တင်လှက ဟောသလို ဒိုင်ဗင်ထိုးတာဆိုပြီး သူ့ဆိုင်ကျဉ်းကျဉ်းလေးထဲမှာ တစ်ခါတစ်ရံ ဒိုင်ဗင်တွေ ထိုးပြနေတတ်သည်။ သူစကားပြောလျှင် မြတ်လေးအကြောင်း ပါသည်။ စိတ်လိုလက်ရရှိလျှင် မင်းသားကျော်ဆွေလို သရုပ်ဆောင်ပြတတ်သေးသည်။
ပိုင်သျှင်မင်းအိမ်တွင် `လေပေါ်မှ ဓါတ်ပုံများ´ဆိုပြီး ဓါတ်ပုံအယ်လ်ဘမ်တစ်ခု ရှိသည်။ လာသည့်လူတိုင်းကို ထိုအယ်လ်ဘမ်ကြီး ဖွင့်ဖွင့်ပြတတ်သည်။ ဓါတ်ပုံအားလုံး လေထဲမှာ ရိုက်ထားသော ပုံတွေချည်း ဖြစ်နေသည်။ တောင်ပူစာပေါ်မှ ခုန်ချပြီး လေထဲမှာ ရိုက်ထားသည့်ပုံ။ ကမ်းပါးကို ကျော်လွှားနေသည့်ပုံ၊ အိမ်ခေါင်မိုးပေါ်မှ ခုန်ချထားတုန်း ရိုက်ထားသည့်ပုံ။ နဂါးပုံကျောက်ဆောင်ကြီးပေါ်မှ ခုန်ချနေသည့်ပုံ။ ပိုင်သျှင်မင်းကတော့ ထူးထူးဆန်းဆန်း လေထဲမှ ဓါတ်ပုံတွေချည်း စုဆောင်းထားသည်။
ပိုင်သျှင်မင်းက အင်္ဂလိပ်စကားပြောလည်း ကောင်းသည်။ ဒွတ်ဒက်ရွှတ်ရှက်တွေ တော်တော်ပြောတတ်သည်။ ပြင်သစ်စာကလည်း တတ်သေးသည်။ သူစကားပြောလျှင် `ကိုယ်က အဲဒါတွေ ဆယ့်သုံးနှစ်သားကတည်းကတတ်တာ´ဟု မာန်ပါပါ ပြောတတ်သည်။ သူ အင်္ဂလိပ်စကားပြော ကျင့်တာကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ခေတ်သစ်ရုပ်ရှင်ရုံမှာ နိုင်ငံခြားကားပြလျှင် ရှေ့ဆုံးမှာ နေရာယူသည်။ သူ့ကက်ဆက်လေးထုတ်ပြီး မင်းသားကြီးများ၏ ပြောစကားများကို အသံဖမ်းယူထားသည်။ အိမ်ကျတော့ ပြန်ဖွင့်နားထောင်ပြီး လေ့ကျင့်သည်။ လေယူလေသိမ်းနှင့် အသံအနေအထားတွေ မှန်အောင် အထပ်ထပ် ကြုးစားသည်။ လူထူထူရှိလျှင် သူကျက်ထားတာတွေကို ပြန်ရွက်ပြတတ်သည်။
ပိုင်သျှင်မင်းက သူတို့ အဖွဲ့တွေနှင့် ဆုံမိလျှင် လက်ဖက်ရည်ဆိုင် လိုက်ထိုင်တတ်သည်။ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်ကို ဘယ်တော့မှ မသောက်။ရေနွေးကြမ်းသောက်လျှင်တောင် ဘေးအိတ်ထဲထည့်ဆောင်လာသည့် မက်ခွက်ကလေးထုတ်သောက်သည်။သောက်ပြီး ပြန်သိမ်းသည်။အခုနောက်ပိုင်း ဘီပိုး၊စီပိုးနှင့် အခြားရောဂါဆန်းတွေပေါ်လာကတည်းက လက်ဖက်ရည်ဆိုင်တောင် လိုက်မထိုင်တော့။ပိုင်သျှင်မင်းက အသန့်အပြန့်ကြိုက်သည်။သူဆိုင်ထဲမှာ တံမြက်စည်းလှဲမလို့ ဘောလုံးသင်းအားပေးတာတောင် သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်။ပိုင်သျှင်မင်းက အင်္ဂလန်အသင်းနှင့် မန်ယူပရိသတ်။ကိုကျော်ရှိန်းက အာဂျင်တီးနား အသင်းနှင့် ချယ်ဆီးကို အားပေးသည်။ကိုကျော်ရှိန်း ခံယူချက်ကလည်းပြင်းသည်။မြန်မာတွေကို ကျွန်လုပ်ခဲ့တဲ့ကောင်တွေမို့အားမပေးတာတဲ့။ အင်္ဂလန်အသင်းကန်တဲ့နေ့မျိုးဆိုလျှင် ကိုကျော်ရှိန်းက ဘောလုံးပွဲရုံထဲဝင်ပြိး အင်္ဂလန်အသင်းသားတွေကို ပယ်ပယ်နယ်နယ်ကြီး ဆဲနေတတ်သည်။အင်္ဂလန်အသင်းနှင့် အာဂျင်တီးနား မတည့်သလို ပိုင်သျှင်မင်းနှင့် ကိုကျော်ရှိန်းကလည်းမတည့်။မန်ယူ ချန်ပီယံလိဂ်ဖလားရ၊မရ ငြင်းရင်း ဟိုတစ်နေ့က ထိုးမယ် ကြိတ်မယ်တွေ လုပ်နေလို့ မနည်းဆွဲယူရသည်။
ဟိုးအရင်က အချိန်ရလျှင် ကိုကျော်ရှိန်းက သူ့ကို ဘာသာရေးအကြောင်းတွေ လာဆွေးနွေးတတ်ပေမဲ့ ရန်ဖြစ်ပြီးသည့်နောက်ပိုင်း ဘာသာရေးအကြောင်း သိပ်မပြောတော့၊ဒေါသတွေ လွန်ကဲနေလို့လည်း ဖြစ်ကောင်းဖြစ်မည်။ ခဏနေတော့ စကားမပြော ဘာမပြောနှင့် ဆိုင်ထဲမှ စိုက်စိုက် စိုက်စိုက် ထွက်ခွါသွားကြသည်။
နေစောင်းသွားပြီး အမှောင်ရိပ်သန်းလာလျှင် သူ့ဆိုင်လေးက အလင်းရောင်မရဘဲ မည်းမှောင်သွားတတ်၏။ လျှပ်စစ်မီးကလည်း ပြတ်တောက်နေသည်။
သူဖယောင်းတိုင်လေးတစ်တိုင်ထွန်းပြီး စားပွဲပေါ်တင်ထားလိုက်သည်။ ဖယောင်းတိုင်ကလေးက မှိန်ရာမှ လင်းလာသည်။ အရှိန်ရပြီး ပိုမိုတောက်ပလာသည်။ အလင်းရောင်တွေ တောက်ပနေပေမဲ့ ဖယောင်းတိုင်ကလေးက တဖြည်ုးဖြည်း တိုဝင်သွားသည်။
သိပ်စဉ်းစားနေတာမျိုးမဟုတ်ဘဲ မိတ်ဆွေစာရေးဆရာတစ်ယောက်ပြောပြသည့် အိန္ဒိယ၀တ္ထုတိုလေးတစ်ပုဒ်ကို သတိရနေမိသည်။ စာရေးဆရာနာမည်ကိုတော့ ကောင်းကောင်းမမှတ်မိ။
နိုင်ငံအစွန်အဖျားရွာလေးတစ်ရွာ၏ မူလတန်းကျောင်းကလေးသို့ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်ရှိသည်။ ၀န်ကြီးချုပ်ကို ကြိုဆိုဖို့ ၀တ်ကောင်းစားလှ ၀တ်နိုင်သည့်ကလေးတွေကို ဆရာမက ရွေးချယ်သည်။ ကလေးမလေးတစ်ယောက်က သိပ်ဆင်းရဲနေတော့ ဆရာမချန်ထားရစ်ခဲ့သည့် ကလေးတွေထဲပါသွားသည်။ သည်ကလေးမလေးက ၀န်ကြီးချုပ်ကိုလည်း တွေ့ချင်သလို ကြိုဆိုရေးတံဆိပ်ဝိုင်းလေးလည်း ရချင်သည်။ တံဆိပ်ဝိုင်းကလေး ရချင်သည့်အကြောင်းပြောပြီး သူ့အဖေကို မရမကပူဆာသည်။ တငိုငို တရီရီ လုပ်နေသည်။ ဆင်းရဲတာ တစ်ခုတည်းနဲ့တော့ သည်အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူးပြောပြီး ကလေးမလေးအဖေက ကျောင်းလိုက်သွားသည်။ ကလေးမလေးအဖေ ကျောင်းရောက်တော့ ၀န်ကြီးချုပ်က ကျောင်းဝန်းထဲမှ ပြန်ထွက်လာနေပြီဖြစ်သည်။ ကလေးမလေးအဖေက အကျိုးအကြောင်းရှင်းပြပြီး ၀န်ကြီးချုပ်နှင့် ၀င်တွေ့သည်။ ၀န်ကြီးချုပ်က ကလေးမလေးကို ပြန်ခေါ်ခိုင်းသည်။ သူကိုယ်တိုင် တံဆိပ်ဝိုင်းလေး ရင်ဘတ်ထိုးပေးမယ်ပြောသည်။ ကလေးမလေးအဖေက ကလေးမလေးကို ပြန်ခေါ်သည်။ ၀န်ကြီးချုပ်က တံဆိဝိုင်းလေးကို ရင်ဘတ်မှာထိုးပေးဖို့ တပြင်ပြင်လုပ်နေပေမဲ့ ကလေးမလေးမှာ ရင်ထိုးထိုးစရာ အင်္ကျီမပါဖြစ်နေသည်။ ၀တ္ထုကျောရိုးက ဒါပဲဖြစ်သည်။
သူ့မှာ နှစ်နှစ်ပိုပိုချစ်စရာ သမီးလေးတစ်ယောက်ရှိသည်။ သမီးလေးက သူတို့ဇနီးမောင်နှံ ပြန်မလာမချင်း အိမ်ရှေ့ထွက်ထိုင်ကာ စောင့်နေတတ်သည်။ သမီးလေးဘေးမှာ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းထားမည်။ ဖယောင်းတိုင်လေးက လေတိုင်းလျှင် ငြိမ်းသွားတတ်သည်။ သမီးလေးက အမှောင်ထဲမှာ တစ်ယောက်တည်း ငုတ်တုတ်ထိုင်ရင်း မအိပ်မနေ စောင့်နေလိမ့်မည်။
သူဆိုင်တံခါးကို စောစောပိတ်ပစ်လိုက်သည်။ ကောင်းကင်မှာ မိုးတိမ်မည်းတွေ တလိပ်လိပ်တက်လာနေသည်။ မိုးက တကယ်ပဲ အငြိုးနဲ့ ရွာတော့မှာလား။ ။
ထက်နိုင် (တလုပ်မြို့)

Read More...