Saturday, December 29, 2007

ဂုဏ်သရေရှိဧည့်ခန်းဆောင်


မိုးကတဖွဲဖွဲနှင့် စိမ့်ကျနေသည်။ ရေဒီယိုမှ သည်နေ့ တိမ်အသင့်သင့် ဖြစ်ထွန်းရုံမှလွဲရ်ျ ရာသီဥတုသာယာပါသည်ဟု သတင်းထုတ်ပြန်သော်လည်း သူတို့မြို့လေးမှာ မိုးတွေ တစိမ့်စိမ့်ရွာချခဲ့သည်မှာ ဆယ်ရက်ပင် ကျော်ခဲ့ပြီဖြစ်သည်။
မြို့ကလေး၏ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေတွေ လျှံစပြုနေပြီဖြစ်သည်။ ကားလမ်းတွေတောင် ရေလွှမ်းပြိးလမ်းပိတ်ဆို့မှုဖြစ်နေသည်။ အသွားအလာပြတ်တောက်နေ၏။ စတိုးဆိုင်မှာပစ္စည်းသစ်တွေ မရောက်လာတော့ဈေးဝယ်က ကျဲတောက်နေသည်။ သူအရောင်းစာရေးမလေး နေခြည်နှင့် ပိုက်ပိုက်ကို ဆိုင်စောင့်ထားခဲ့ပြီး ပန်းချီအလုပ် ခန်းဘက် ထွက်လာ ခဲ့သည်။
သူဒီမြို့ကလေးမှာအပျော်တမ်းပန်းချီဆရာလေးတစ်ယောက်ဖြစ်သည်။ ဒါပေမယ့် ပန်းချီအနုပညာနှင့် သိပ်မပတ်သက်သော အလုပ်တွေကို ပိုလုပ်ဖြစ်သည်။ သူကမင်္ဂလာဆောင် အခမ်းအနားတွေ ပြင်သည်။ ကျောက်မျက်ဖက်စပ် ဆိုင်းပုဒ်လေးတွေ ရေးသည်။ ဘရိတ်ဓားလေးနှင့် ခဲပန်းချီပုံတူဆွဲသည်။ ကျောက်ပန်းချီရေးသည်။ သူ့စိတ်ထဲ ဆာလောင်မှုတွေ ပေါက်ကွဲလာမှသာ ပန်းချီကားတစ်ကားကို သူစိတ်တိုင်းကျ ရေးဖြစ်ခြင်းဖြစ်သည်။သည်နေ့ သူ တစ်ခုခုကို မွတ်သိပ်ဆာလောင်နေခဲ့သည်။
သူ့ပန်းချီ အလုပ်ခန်းက ကားဂိုဒေါင်ကို တစ်ခြမ်းပိတ် ပြုလုပ်ထားခြင်းဖြစ်သည်။ တိတ်ဆိတ်ငြိမ်သက်နေသည့် ပန်းချီခန်း ထောင့်တစ်ထောင့်မှာ သူဝင်ထိုင်လိုက်သည်။ သူ့စိတ်ကို ဗလာနယ်ရောက်အောင် ပစ်တင်လိုက်သည်။ ဒါက သူပန်းချီရေးခါနီးတိုင်း လုပ်လေ့လုပ်ထရှိသောစိတ်လေ့ကျင့်မှုတစ်မျိုးဖြစ်သည်။
စိတ်တည်ငြိမ်နူးညံ့လာမှ အခန်းထောင့်မှ ထောင်ထားသည့် စတန်းကို ဆွဲယူသည်။ ကင်းဗတ်ကြပ်ပြီးသားပန်းချီးကား ဘောင်ကို တင်သည်။ Pallette ကို မယူပြီး ဆေးတွေ ညှစ်ထည့်သည်။ သူ ပန်းချီကားတစ်ကား ရေးတိုင်း အနီနှင့်အ၀ါကို ခပ်များများ ထည့်သုံးသည်။ အနီ ဒါမှမဟုတ် အ၀ါတစ်မျိုးမျိုးကို ကင်းဗတ်ပေါ်တင်ပြီးမှသာ တခြားအရောင်တွေကို တွဲစပ်ထည့်သည်။ သူက ပန်းချီကားဆိုလျှင် အရောင်တွေပြတ်သားနေမှ ကြိုက်သည်။
သူကင်းဗတ်ပေါ်မှာ အခံဆေးဖြူဖြူတွေ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။ သူ့ အာရုံမှာ ခဏခဏလာငြိသည့် ပုံရိတ်တစ်ခုကို အမိအရ ဖမ်းယူပြီး ပုံကြမ်းကောက်သည်။ သူ့အာရုံက ပုံရိတ်ပေါ်မှာ လူးလွန့် ကျက်စားနေသည်။
သူ လောကကြီးကို မေ့သွားသည်။ ပုံရိတ်က ပန်းချီကားတစ်ချပ်အဖြစ် တဖြည်းဖြည်း အသက်ဝင်ပုံပေါ်လာသည်။ စုတ်ချက်အဖြစ် တဖြည်းဖြည်း အသက်ဝင်ပုံပေါ်လာသည်။ စုတ်ချက်တွေက စိတ်၏စေစားရာတသွေမတိမ်း လိုက်နာသည်။ သူ့စိတ်ကူးစိတ်သန်းတွေ ထပ်ဖြည့်သည်။ အလင်းအမှောင်နှင့် အရောင်အနုအရင့်တွေ ချိန်သည်။
လှိုင်းကလေးတွေလို လွင့်နေသည့် ဆံပင်တွေ
ညီညာပြန့်ပြူးသည့် နဖူးပြင်
မွှေးညင်းနုနုလေးများဖြင့်ဆံဆ
သေးသွယ်ကော့ပျံနေသည့်မျက်ခုံး
ဆွဲဆောင်မှုရှိပြီး ရွှန်းလဲ့နေသည့် မျက်ဝန်းတစ်စုံ
ခပ်စင်းစင်း နှာတံ
စိုပြေဖောင်းအိ၊ ပိရိသေသပ်သည့် နှုတ်ခမ်း
ကျက်သရေရှိသည့် ခန္ဒာကိုယ် အချိုးအဆစ်တွေ ပိုင်ဆိုင်ထားသော ဂုဏ်သရေရှိမိန်းမ။


ပန်းချီကားထဲမှ အမျိုးသမီးက သူ့ကို မခို့တရို့ ပြုံးပြနေသည်။ အာရုံတွေေ၀၀ါးလာသည်။ သူ့ရင်တွေ ခုန်ပြီး အသက်ရှုမြန်လာသည်။ သူ စကားပြောဖို့ ကြိုးစားကြည့်သည်။ မောဟိုက်နွမ်းလျစွာ စကားလုံးတစ်ချို့ထွက်ကျလာသည်။
မင်းဟာသိပ်ချစ်စရာကောင်းတာပဲ၊ မင်းကို ကိုယ်သိပ်ချစ်တယ်
အချစ်……ဘာကိုပြောတာလဲ။ အချစ်ဆိုတာကို ကျွန်မမသိဘူး
သူ တစ်ချက်ငိုင်သွားသည်။ အချစ်ဆိုတာကို ပြန်စဉ်းစားကြည့်သည်။ သူနားလည်သလောက် အချစ်ကို အနက်အဓိပ္ပါယ်ဖွင့်သည်။
လိင်မတူတဲ့ ယောကျာ်း တစ်ယောက်က မိန်းမတစ်ယောက်ကို မွတ်သိပ်တောင့်တလာတယ်။ မေတ္တာသက်ဝင် ချစ်ခင်လာတယ်။ တစ်ယောက်နှင့် တစ်ယောက် ချစ်တယ်ပြောပြီး နှစ်ကိုယ်တစ်ဘ၀ ထူထောက်ကြတယ်။ သားသမီးတွေ ပွားစီးကြတယ်။ အဲသလိုနဲ့ လတ်ဆတ်တဲ့ လူမှုဘ၀တွေကို ထူထောက်ကြတယ်။ ရယူပိုင်ဆိုင်တာ အချစ်တဲ့။ ကိုယ်က အဲသလို မယူဆဘူး။
အင်း……ရှင်ပြောပါဦး
အမျိုးးသမီးကစကား ထောက်ပေးသည်။
ကိုယ်မင်းကို မြတ်နိုးတယ်၊ ရယူဖို့လည်း မဟုတ်ဘူး၊ ပိုင်ဆိုင်ဖို့လည်း မဟုတ်ဘူး။ မင်းကို တစိမ့်စိမ့်ကြည့်နေချင်တယ်။ ခုလို မင်းပုံရိပ် ကလေးကိုယ့်အနားမှာ ရှိရင် ကိုယ်ကြည်နူးတယ်။ အရာရာပြည့်စုံတယ်လို့ ကိုယ်ထင်တယ်။ သည့်ထက်တော့ မင်းနားလည်အောင်ကိုယ်ပြောပြနိုင်မှာ မဟုတ်ဘူး
အမျိုးသမီး တွေသွားသည်။ ရှင်တို့ လောကက စိတ်ဝင်စားစရာပဲဟု တိုးတိုးဖွဖွ ပြောသည်။
ရှင်တို့လောကက စိတ်ဝင်စားစရာကောင်းမယ်ထင်တယ်။ ကျွန်မကို လောကကြီးထဲ ထွက်ခွာပြီးလေ့လာခွင့်ပေးနိုင်မလား
မင်းဟာ မင်းဖြစ်သွားကတည်းက မင်းကို ကိုယ်မပိုင်ဆိုင်တော့ပါဘူး။ မင်းစိတ်ကြိုက်လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုငပါတယ်။ ဒါပေမယ့် မင်းထင်သလို လောကကြီးက………….
သူ့စကားတွေက ပြေရင်းတန်းလန်း လေထဲမှာ ရပ်တန့်သွားသည်။ သူအမျိုးသမီးစိတ်ကို ထွင်းဖောက်ကြည့်သည်။ သူမစိတ်ထဲမှာ သိချင်စိတ်တွေ ပေါက်ကွဲ ရုန်းကြွနေသည်။ ဘယ်အရာကမှသူမကို တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာ သူနားလည်လိုက်၏။ အမျိုးသမီးက ခပ်ထေ့ထေ့ တစ်ချက်ပြုံးသည ။
ကျွန်မသွားပြီ
အမျိုးသမီးက ပန်းချီကားထဲမှ တစ်လှမ်းချင်း လှမ်းထွက်ပြီး သူ့ကို ချန်ထားရစ်ခဲ့သည်။
ပန်းချီကားရှေ့မှာ ကျောက်ရုပ်တစ်ရုပ်လို သူ ငြိမ်သက်နေမိသည်။
သူမအတွက် ပတ်ဝန်းကျင်တစ်ခုလုံး စိတ်ဝင်စားစရာချည်း ဖြစ်နေသည်။ မြင်မြင်သမျှသည် အသစ်အဆန်းနှင့် စူးစမ်းချင်စရာချည့်။ ပန်းချီဆရာ သူမကို ဂုဏ်သရေရှိမိန်မ တစ်ယောက်အဖြစ်မွေးပေးလိုက်ပေမယ့် သူမ စိတ်က တစ်စုံတစ်ရာကိုဆာလောင်နေခဲ့သည်။ သူမအသက်ရှင်သန်ဖို့ အာဟာရတစ်ခုတော့ လိုအပ်သည်။
ခန္ဒာကိုယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပတ်ဝန်းကျင်ကို သူမှတစ်ချက်ငဲ့စောင်းကြည့်သည်။ အနီးစပ်ဆုံး စားသောက်ဆိုင်တစ်ခုထဲ သူမတိုးဝင်လိုက်သည်။ အခန်းထောင့်မှ လွတ်နေသော စားပွဲတစ်ခုဆီ သူမဦးတည်လိုက်သည်။ မီနူးကို ကြည့်ပြီး စားစရာတစ်ခုမှာသည်။ သူမစိတ်ကို ဖြေလျော့ပြီး ခပ်နွဲ့နွဲ့ထိုင်သည်။ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်ထဲမှာ အဖော်မပါ တစ်ကိုယ်တည်း။ ပတ်ဝန်းကျင်အတွက် အထူးအဆန်းဖြစ်နေသည်။ စားပွဲထိုးလေး လာချပေးသည့် ခေါက်ဆွဲကြော်တစ်ပွဲကို သူမ စိမ်ပြေနပြေစားသည်။
လွတ်နေသည့်စားပွဲတွေမှာ လူတွေ တဖွဲဖွဲ ရောက်လာသည်။ ကိုယ့်အဖွဲ့နှင့်ကိုယ် လွတ်လွတ်လပ်လပ် စကားတွေ ပြောနေကြသည်။
ဂျပန်ပွဲမှာ အောက်ကြေးထိုင်လိုက်တာကိုယ်မှန်သွားတယ်။
သည်တစ်ပွဲတည်းနဲ့တင်ကိုယ့်အတွက် ဆယ်ပုံးနီးနီး စိုပြေသာါးတယ်။ ကဲ ကိုယ့် အောင်မြင်မှုအထိမ်းအမှတ်……….
စားသောက်ဆိုင်လေးထဲတွင်ဖန်ခွက်ချင်းထိခတ်သံတွေ ဆူညံသွားသည်။ လူသားတွေရဲ့အောင်မြင်မှုဆိုတာ ညနေခင်းစားပွဲတွေမှာ အဆုံးသတ်သွားတာဟုသူမမှတ်ယူလိုက်သည်။
သူမ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ကိုလေ့လာနေမိသည်။ ခဏနေတော့ အမျိုးသမီးတစ်ယောက်ဆိုင်ထဲ လှမ်းဝင်လာသည်။ ထိုအမျိုးသမီးက စားသောက်ဆိင် ထောင့်တစ်ထောင့်တွင် ခပ်ငူငူထိုင်နေသော အမျိုးတစ်ယောက်ဆီ တန်းတန်းမတ်မတ် ၀င်ရောက်သွားသည်။
ဒီမှာ ကိုကျော်စွာရှင်ကဒီမှာတစ်ယောက်တည်း လွပ်မြောက်နေတာပေါ့လေ။ ကျွန်မမကြိုက်တဲ့ ဒီအရည်တွေကို သောက်တယ်။
ရှင့်မှာသား နဲ့မယားနဲ့ဆိုတာလည်း သတိရပါဦး။ ကျွန်မမျက်နှာမထောက်ထားရင်တောင်သမီးလေးမျက်နှာ ထောက်ထားသင့်တယ်။ အဖျားတက်နေတဲ့သမီးလေးက ရှင့်ကိုတစ်မေးတည်းမေးနေတယ်။
စားသောက်ဆိုင်ကလေးကိုချန်ထားရစ်ခဲ့ပြီး မြို့ကလေးထဲ သူမတိုးဝင်လိုက်၏။ လမ်းမပေါ်တွင်ကားတွေ၊ ဆိုင်ကယ်တွေဥဒဟိုဖြတ်သန်းနေကြသည်။ ပြည်သူ့ဆေးရုံကို ကျော်တော့ပန်းခြံတစ်ခု တွေ့သည်။ ပန်းခြံကလေးထဲတွင် ရောင်စုံပန်းများ ဖူးပွင့်ဝေဆာနေသည်။ လိပ်ပြာကလေးများ ဟိုဒီပျံဝဲ၏။ ခိုကလေးများက တောင်ပံ တဖြောင်းဖြောင်းရိုက်ခါ ညမွှေးပန်းရုံတွေပေါ် နားသည်။ သူမမုန်ညင်းစိုက်ခင်းကလေးများကို အစဉ်အတိုင်း ဖြတ်ကျော်လိုက်၏။
ဈေးနားရောက်တော့ မိုးတွေ ခပ်စိတ်စိတ် ကျလာတာနှင့် အရိပ်တစ်ခုမှာ ခဏ ၀င်ခိုလိုက်သည်။ အရိုးပြိုင်းပြိုင်းထနေသည့် အဘိုးအိုတစ်ယောက်က စက်ဘီးတစ်စီးကို စိတ်ရှည်လက်ရှည ပြင်ဆင်နေသည်။ စမုတ်တံ တင်နေသည့် သံချေးတွေကို ကော်ပတ်ဖြင့်စားသည်။
ထိုအဘိုးအိုဘေးတွင် ခပ်ဖိုင့်ဖိုင့် အဘိုးအိုတစ်ယောက်ဂျာနယ်တစ်စောင် ကိုင်ကာ ကျကျနနကြီးထိုင်နေသည်။
ဟော့ဖြစ်သွားသည့် သတင်းတစ်ခုအကြောင်းပြောရင်း အခြားအကြောင်းအရာဘက် ရောက်သွားကြသည်။ ခပ်ဖိုင့်ဖိုင့် အဘိုးအိုက
ကမ္ဘာကြီးရဲ့ အနာဂတ်ကတော့ စိတ်မကောင်းစရာဘဲဗျ။ ဟိုတစ်လောက သတင်းဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ဟိမ၀န္တာကို မြစ်ဖျားခံစီးဆင်းနေတဲ့ မြစ်ကြီးငါးစင်းအကြောင်း၊ ဒီရာစုနှစ်ကုန်ခါနီးမှာအဲဒီမြစ်ကြီး ငါးစင်းလုံးရေတွေခမ်းခြောက်သွားနိုင်တယ်တဲ့။ ကမ္ဘာကြီးပူနွေးလာတော့ ရေခဲပြင်တွေဟာ ခပ်မြန်မြန် အရည်ပျော်နေတယ်။ တစ်ချို့ကလည်း သဘာဝလောက၏ နိဂုံးဆိုပြီးအော်နေကြတယ်။ စက်မှုထွန်းကားလာတော့ အဆိပ်ဓာတ်ပစ္စည်းတွေကြောင့် မြစ်တွေဟာ မသန့် မရှင်းဖြစ်လာတယ်။ သစ်တောတွေလည်း ပြုန်းတီးလာတယ်။ ကျွန်တော်တို့ မကြုံဖူးတဲ့ အက်ဆစ် ငရဲမီးမိုးတွေ ရွာချလာပြီ။ လေထုထဲမှာလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ တိုးပွားလာနေတယ်။ မြေဆီလွှာတွေခမ်းခြောက်ပြီး သဲကန္တာရတွေဖြစ်ထွန်းလာတယ်။ တစ်ချိ့ အပင်နဲ့ တိရစ္ဆာန်တွေဟာ မျိုးတုံး ပျောက်ကွယ်သွားကြပြီ
အဘိုးအိုက သိပ်ပင်ပန်းသွားဟန် သက်ပြင်းတစ်ခုမှုတ်ထုတ်ပြီး ရေနွေးကြမ်းခါးခါးတစ်ခွက်ကို ဂွတ်ကနဲနေအောင် မော့သောက်ပစ်လိုက်၏။ အဘိုးအိုက အနီရောင်တောက်နေသည့် သူ့အကြည့်ကို ပစ်တင်လိုက်သည်။
သိပ်လည်း သောကရောက်မနေပါနဲ့ဗျာ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့။ ကံသာအမိ၊ ကံသာအဖပါဗျာ။
စက်ဘီးပြင်နေသည့် အဘိုးအိုက စကားကို ထောက်ပေးသည်။
ကိုမှတ်တင် ခင်ဗျားကို ကျွန်တော်မကြိုက်တာ အဲဒါပဲဗျာ။ နေရာတကာ ကံချည့်ပုံချနေလို့ရတာမဟုတ်ဘူးဗျ။ သစ်ပင်တစ်ပင်ခုတ်ပြီး သစ်ပင်တစ်ပင်ပြန်မစိုက်တာ တာဝန်မကျေပွန်မှုပဲ။ အဲဒါ လူကြီးလူကောင်း မဆန်တာပဲဗျ။ အဲဒါ ကိုယ့်ကိုကိုယ် သတ်နေတာဗျ။ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ လူကြီးလူကောင်းဆန်ရမယ်
ဟား ဟား ဟား ဟား
စက်ဘီးပြင်နေသည့် အဘိုးအိုက အားပါးတရကြီး ရယ်မောပစ်လိုက်သည်။
လူကြီးလူကောင်းဆန်ရမယ် ဟုတ်လား။ ကမ္ဘာကြီးမှာ ဘယ်သူတွေက လူကြီးလူကောင်းဆန်နေလို့လဲ ပြောပါဦးဗျ။ အနုမြူတွေ အပြိုင်အဆိုင် ထုတ်နေတာ လူကြီးလူကောင်းဆန်တာလား။ ကမ္ဘာကြီးက မယဉ်ကျေးသေးပါဘူဗျ။ တစ်စုံတစ်ယောက်ဆီကနေ တစ်စုံတစ်ယောက်က ရယူဖို့ကြိုးစားနေတာတွေဟာ လူကြီးလူကောင်းဆန်မှုလား
မိုးတိတ်သွားတာနှင့် အရိပ်အောက်မှ သူမ ပြန်လည် ထိုးထွက်လိုက်သည်။ လမ်းမတန်း ပေါ်မှာဆိုင်ကယ်တွေ ကားတွေပြန်လည် စည်ကားစ ပြုနေပြီဖြစ်သည်။ အဘိုးအိုနှစ်ယောက်က အမိုးကျဉ်းကျဉ်းလေးအောက်မှာ အသံတွေ တိုးသွားလိုက်၊ ကျယ်သွားလိုက်။
နေလုံးက အကျဘက်ပိုင်းသို့ ယိမ်းယိုင်စပြုနေပြီဖြစ်သည်။ သူမခြေလှမ်း တွေကို ခပ်သွက်သွက် ဆန့်ထုတ်ပစ်နေမိသည်။ သူမညဈေးတန်းကြီးတစ်ခုကိုဖြတ်ကျော်လိုက်သည်။ လမ်းမီးတိုင်လေးများမှာ မီးရောင်ပြိုးပြက်စပြုပြီ။ ညဈေးတန်းလေးကျော်တော့ သစ်ပင်တစ်ပင်လို ယိမ်းထိုးနေသည့် လူတစ်ယောက်က သူမကို ၀င်တိုးသည်။
သူမရေဆိုးမြောင်းတစ်ခု ထဲဝုန်းခနဲ ပြုတ်ကျ၏။
ကောင်းတယ်။ ကောင်းတယ်။ ဒါသင်ခန်းစာပဲ။ မင်းခြေထောက်တွေ မြဲမြဲမတ်နိုင်သရွေ့မင်းအခုလို ပြုတ်ကျနေမှာပဲ။ မင်းကိုယ်မင်း လူဖြစ်ချင်တာ သေချာချင်ရင် မြဲမြဲတောင့်မတ်ထားဖို့လိုတယ်။
ထိုလူကသူပြောချင်ရာတွေပြောပြီးသူမကို ချန်ထားရစ်ခဲ့သည်။ သူမ လေးဘက်သွားပြီး ရေမြောင်းထဲမှ ပြန်ထသည်။ သူမလူတွေကို နားလည်ဘူး။ လူပီသအောင် ဘယ်လိုကျင့်ကြံနေထိုင်ရမှာလဲ။ သူမသစ်ရွက်တစ်ရွက်လို လေထဲမှာ လွင့်နေသည်။
ခဏနေတော့ သူမ အနားမှန်လုံကားကြီးတစ်စီး ထိုးရပ်သည်။ ဘရိတ်တွေ ကျွိခနဲ မြည်သွားသည်။ မှန်တံခါးက တဖြည်းဖြည်း ပိကျသွား၏။ အဆီပြန်မျက်နှာတစ်ခု ရိပ်ခနဲ ပေါ်လာသည်။
ကိုယ်နဲ့ လိုက်ခဲ့ဖို့ မင်းအဆင်သင့်ဖြစ်ပြီလား
ရှင်……….ကျွန်မက ရှင်နဲ့ လိုက်ရမယ်။ ကျွန်မတစ်ယောက်တည်း နေလို့ မဖြစ်ဘူးလား
တောက်………….ကျက်သရေတုံးတဲ့ မိန်းမ
ကားက ၀ူးခနဲ ဆောင့်ထွက်သွားသည်။ သူမ ခပ်မဲ့မဲ့ တစ်ချက်ပြုံးသည်။ မုန့်မျိုးစုံရောင်းသည့် စတိုးဆိုင်ကြီးတစ်ခုထဲ သူမ၀င်လိုက်သည်။ မုန့်ဆိုင်ထဲမှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေ၏။ သူမစိတ်ကြိုက် မုန့်တစ်မျိုးဝယ်ပြီး ပြန်ထွက်လိုက်၏။ မုန့်ဆိုင်၏ ဘေးအဆောက်အဦးမြင့်မြင့်ကြီး၏ အရိပ်အောက်ကလေးတစ်ယောက်ရှိုက်ငိုနေသည်။
သူမ ကလေးအနား ဒူးထောက်ထိုင်ချလိုက်သည်။ ကလေးမျက်နှာတွေက ဖောသွပ်ရောင်ကိုင်းနေသည်။ ကလေး၏ မျက်ရည်တွေကို သူမယုယုယယသုတ်ပေးသည်။
အဖေနဲ့အမေ ပါမလာဘူးလား
အဖေက အချုပ်ထဲမှာ၊ အမေက မရှိတော့ဘူး။ တခြားယောကျာ်းတစ်ယောက်နဲ့လိုက်ပြေးသွားတယ်။ သားသားထမင်းမစားရတာသံုးရက်ရှိပြီ ကလေးကတစ်ချက်ကြိတ်ရှိုက်၏။
သူမ နင့်ခနဲ ခံစားလိုက်သည်။ ၀ယ်ထားသည့် မုန့်ကလေး ကလေးငယ်ကို ပေးလိုက်သည်။ ကလေးက မုန့်ကို အငမ်းမရ စားသည်။ သူမ ကလေးနဖူးကို သပ်ပေးပြီးထိုနေရာမှထွက်ခွာလာခဲ့သည်။
သူမ တခြားတစ်နေရာကို သွားဖို့စိတ်မပါတော့ပါ။ အားအင်ကုန်ခမ်းသလိုခံစားလိုက်ရသည်။
ပန်းချီခန်းဘက်ပြန်လှည့်လိုက်၏။ တံခါးပေါက်ကို ခပ်ဆဆ ခေါက်သည်။
ဝင်ခဲ့ချက်မချထားဘူး
ရှင်မပြန်သေးဘူးလား မင်းပြန်လာမှာ သိလို့ စောင့်နေတာ
ရှင် မင်းပြန်လာမယ်ဆိုတာကိုယ်သေချာ သိနေတယ်။ ကိုယ်ပြောတယ် မဟုတ်လား။ လောကကြီးဟာ…………
သူက စကားကိုတစ်ဝက်တစ်ပြတ်နှင့် ရပ်နားထားလိုက်သည်။
သူမ လေးတွဲ့စွာ ပန်းချီကားထဲ ပြန်ဝင်သွားသည်။ ထိုအမျိုးသမီးပြန်လှည့်မလာခင် သူက ပန်းချီကားကို အခံဆေးဖြူများဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။
သူ့အတွက် ရှိခြင်းနှင့်မရှိခြင်းဟာအတူတူသာဖြစ်သည်။ သူပန်းချီကားကို ကျောခိုင်းထွက်ခွာလာခဲ့သည်။
ထက်နိုင်(တလုပ်မြို့)

Read More...

Sunday, December 23, 2007

ဖေဖေက မသိဘူးလား

ရာသီဥတုက အရမ်းပူတာပဲ ဖေဖေ။
သားလေ
အပြင်မှာတည်ငြိမ်အေးဆေးသလောက် ရင်တွင်းက တဟီးဟီးပေါက်ကွဲတယ်
ဖေဖေက မသိဘူးလား
သားတို့မှာ “ည” သာမရှိရင် အမှောင်တွေကို တောင့်တနေရဦးမယ်
ဒီဇတ်လမ်းမှာ ဇာတ်သိမ်းခန်းကို မာတိကာမှာ ထားဖတ်ရအောင် ဖေဖေပဲ ပြောခဲ့တာ မဟုတ်လား
ဖေဖေက သားအိမ်မက်တွေ ယူပြီး တစ်နေ့လုံးဘယ်လျှောက်သွားနေတာလဲ
သားအိပ်ရာထတိုင်း ဖေဖေကို မတွေ့ဘူး
အဲဒီလောက် အလုပ်တွေကြိုးစားနေရအောင် ဖေဖေက ဘ၀မှာ ဘာကြီးများဖြစ်ချင်နေသေးလို့လဲ
စိတ်ဖိစီးမှုတွေခံပြီး မတန်မရာတွေ မျှော်လင့်မနေပါနဲ့ဖေဖေ
ဖေဖေကို သားသနားတယ်
အဲဒီဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်းမရွက်ချင်ပါနဲ့
ဖေဖေရယ်
ဒီဘိုးနိုးတို့ ပီတာထရက်ကားတို့ ဖူကူရာမတို့ ပြောတာတွေလည်း ယုံမနေပါနဲ့ဖေဖေ
ဘဘုန်းကြီးပြောတာကတော့ ၂၄ ပစ္စည်းထဲမှာ အဲဒီဟာတွေ ပါပြီးသားတဲ့
သိပ်ထူဆန်းတာမဟုတ်ပါဘူးဖေဖေရယ်
ဖေဖေက ညညဆိုလည်း စာတွေပဲ တကုတ်ကုတ်ရေးနေတာ အဲဒီ ကကြီး ခခွေးနဲ့ အေ ဘီ စီ တွေ ရေးမနေပါနဲ့ဖေဖေ
သားကို စွန်တစ်စင်းလောက် ကောင်းကင်ပေါ်တင်ပေးပါလား
သားတို့နဲ့ ဝေးနေတဲ့ ကောင်းကင်ကြီးကို ဆွဲချချင်လို့ပါ။
ဖေဖေက ပြောတယ်
သားတို့ စားဝတ်နေရေးအတွက် ဖေဖေတစ်နေကုန်အလုပ်လုပ်နေရတာတဲ့
သားစိတ်မကောင်းပါဘူးဖေဖေ
ခဏလောက်ဖြစ်ဖြစ် သားကို ဂိုးဖမ်းပေးပါလားဖေဖေရယ်
ရောဘတ်တို ကားလို့စ် လို ဖရီးကစ်ပြင်းပြင်းနဲ့ အဲဒီစားဝတ်နေရေးဆိုတာကြီးကို ကန်ထုတ်ပစ်ချင်လို့ပါ
သားသူငယ်ချင်း “အသားပို” ကတော့ ပြောတာပဲ
မွေးပြီးရင် သေမှာတဲ့
မေမေက သချိ င်္ုင်းကုန်းဆိုတာ ဘာလို့ပြောမပြတာလဲ
သချိ င်္ုင်းကုန်းဆိုတာ ဘာလဲမေးတိုင်း မေမေ မျက်နှာပျက်ပျက်သွားတယ်
ကလေးဆိုတာ မမေးကောင်းဘူးတဲ့
ဖေဖေကို နားနားကပ်ပြီးတိုးတိုးလေးမေးတော့ သချိ င်္ုင်းကုန်းဆိုတာ လူသေတွေမြှုပ်တာတဲ့
သားတို့ကမှ မသေသေးတာ
မေမေ ကပြောတယ်
လူဆိုတာ မသေသေးရင်ဘာမဆို ဖြစ်နိုင်တယ်
အသက်ဓါတ်ကလေးကို ဆွဲဆန့်ထားရမှာပေါ့
အဲဒီ နံရံထူထူကြီးပြိုကျသွားအောင် ဘောလုံးနဲ့ ခပ်ပြင်းပြင်း ကန်ထုတ်ပစ်လိုက်မယ် ဖေဖေ
နေလည်ရောက်ရင် မေမေလည်း ဖေဖေကို ကူဖို့ အိမ်ကနေထွက်သွားတာပဲ
သားကို နည်းမျိုးစုံနဲ့ လိမ်ခဲ့ပေမယ့် သားသိတာပေါ့ဖေဖေ
သားတစ်ယောက်ထဲအိမ်မှာမနေချင်ဘူး
မုန့်တွေဝယ်ခဲ့မယ်တဲ့
မတည့်တဲ့အစာတွေ မစားနဲ့တဲ့
သား သစ်တော်သီးသုပ်တွေ အများကြီးစားပစ်လိုက်တယ်ဖေဖေ
သစ်တော်သီးတွေ အများကြီးစားလို့ ရင်ကျပ်ပြီးဖျားရင် ဖေဖေနဲ့မေမေ သားနဲ့အတူတူနေမှာ မဟုတ်လား
ဖေဖေရယ် မေမေရယ် သားရယ် ရွှေငါးလေးတွေ ရေကူးနေတာကြည့်ကြမယ်
သိပ်ပျော်စရာကောင်းမှာနော် ဖေဖေ
နာရီအို ကြီးကနှေးလိုက်တာ
ဖေဖေနဲ့ မေမေလည်း ပြန်မလာသေးဘူး
သားဆွဲချထားတဲ့ ကောင်းကင်ကြီးနီးလာရင် ကြယ်တွေကို ခူးဆွတ်ပြီး ဒေးဗစ်ဘက်ခမ်းလို ဖရီးကစ်လှလှကန်ဖို့ သားစောင့်နေတာ
ဖေဖေက မသိဘူးလား။ ။
(Beauty မဂ္ဂဇင်း၊ မတ် ၂၀၀၄)


အပြည့်အစုံသို့

Read More...