Monday, November 26, 2007

ကြယ်ကြွေစာရင်း

ရွာဦးကျောင်းမှ တုံးမောင်းခေါက်သံကြားရသည်။ အသံက ခပ်ကျယ်ကျယ် ခပ်ကျဲကျဲကနေ တဖြည်းဖြည်းစည်းချက်ညီညီ ခပ်စိပ်စိပ်ကျလာ၏။ အသံကတိုးပြီး အမှောင်ထဲနှစ်ဝင်သွားသည်။ နောက်ထပ် တုံးမောင်းသံတွေ ထပ်ကျမလာခင် ဘကြီးခင် အိပ်ရာမှလူးလဲထသည်။ သည်အချိန်က ဘကြီးခင် အိပ်ရာထနေကျအချိန်ဖြစ်သည်။ အိပ်ရာဝင်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ သည်အချိန်ဆိုလျှင် ဖျပ်ကနဲ နိုးနေတတ်၏။ တုံးမောင်းသံတွေက သူ့ကို ချော့မြူသလို ဘကြီးခင် ခံစားရတတ်၏။
မျက်နှာသစ်၊ ဆားနှင့်သွားတိုက် ပါးလုပ်ကျင်းပြီး ပုဆိုးခါးပုံစဆွဲကာ မျက်နှာသုတ်သည်။ ပုဆိုးတစ်ထည်ခေါင်းပေါင်းပြီး နွားစောင့်တဲဘက် ဘကြီးခင်ထွက်လာခဲ့သည်။ နွားနှစ်ရှဉ်းကိုနှိုးပြီးသကျင်းမှာ တပ်သည်။ သကျင်းထဲမှာ မနေ့ညက ထည့်ထားပြီးသား စံနဘူမှော်နှင့် မြေပဲရိုးတွေကို အပေါ်ကနေ နှမ်းဖတ်ရည်ဖျန်းပေးလိုက်၏။ နွားတွေက သကျင်းထဲမှာ နှာခေါင်းနှစ်ပြီး ခေါင်းမဖော်စတမ်းစားသည်။ နွားပေါက်လေးတစ်ရှဉ်းက တစ်ချက်တစ်ချက် နှာမှုတ်သံပေးသည်။ တစ်ကောင်နှင့် တစ်ကောင် အစာလုရင်းတွန်းဝှေ့တတ်သည်။ နွားစာကုန်လို့ အချိန်မှီလာမထည့်လျှင် သကျင်းကို ဝှေ့ချတတ်၏။ တစ်ခါတစ်ရံ သကျင်းက တင်ထားသောခွထောက်ပေါ်ကနေ ၀မ်းလျားထိုး ပြုနေတတ်၏။
အလုပ်သမားနှင့် နေ့စားကောင်လေးတွေ သွားမနှိုးခင် သကျင်းထဲ နွားစာတွေအပြည့်ထည့်ထားခဲ့ရသည်။ နွားပြာကြီးတစ်ရှဉ်းက ငြိမ်နေသည်။ စားစရာနွားစာမရှိတော့လျှင် တစ်ကောင်၏ ကျောကိုတစ်ကောင်က လျှာနှင့်လျှက်ကာ မှိန်းနေတတ်၏။ နွားစာတွေပေါ်မှာ နှမ်းဖတ်ရည်လေး ဖျန်းထားခဲ့ပြီး တံရွင်းတစ်ချောင်းဆွဲကာ မြောက်ပိုင်းက မပေါကြည်တို့ မနီတို့ညီအမတစ်တွေဆီ ထွက်လာခဲ့သည်။ သူတို့ညီအမတစ်တွေက ၀ီရိယကောင်းသူတွေဖြစ်ပေမယ့် မနီတို့အိမ်နှင့် ဘကြီးခင်နေသည့် အရှေ့ပိုင်း ဒေါ်ဒေါ်လှအိမ်က တော်တော်လေးလှမ်းသည်။ အမှောင်ထဲမှာ မိန်းကလေးတွေချည်း ထွက်မလာရဲကြ။ လမ်းတစ်ကျောမှာ သူတို့ဖြတ်သန်းလာရမည့် ကိုဂျပန်၏ အင်းခွေးကြီးတွေက ဆိုးသည်။ မဲမဲမြင်ရာ ထိုးဟတ်တတ်၏။ ခြောက်ရုံလန့်ရုံနှင့်လည်း ကြောက်တတ်တာမဟုတ်။
အသက်ငါးဆယ်ကျော်လို့ ဘာသာရေးလုပ်နေပေမယ့် ဘကြီးခင်ကစိတ်ဆတ်သည်။ ဘယ်သူ့အပေါ်မှ မတရားမလုပ်ခဲ့သလို သူ့အပေါ်မတရားလုပ်လျှင်လည်း ချက်ချင်းတုန့်ပြန်တတ်သည်။ တစ်နေ့က မပေါကြည်တို့ ညီအမသွားကြိုရင်း ကိုဂျပန့် အင်းခွေးတွေက ဘကြီးခင်ကိုထွက်ကိုက်သည်။ အော်ငေါက်လို့လည်းမရ။ တံရွင်းနှင့် ယမ်းလို့လည်း နောက်မဆုတ်နှင့် ဘကြီးခင်စိတ်တိုသွားသည်။ သည်ကြားထဲတစ်ကောင်က ဘကြီးခင် ခြေသလုံးကို ၀င်ဟတ်သည်။ ခြေသလုံးမှာ သွားစွယ်ရာအကွင်းလိုက် ဖြစ်သွားသည်။ ဘကြီးခင် နာလည်းနာ ဒေါသလည်းဖြစ်သွား၏။ ခွေးနှစ်ကောင်ကို တံရွင်းနှင့် အသားကုန်ရိုက်လိုက်သည်။ ခွေးတွေက မာန်ဖီပြီးရှေ့ကပြေးသည်။ ဘကြီးခင်က နောက်ကလိုက်သည်။ ခွေးတွေက ခွေးတိုးပေါက်ကနေ အိမ်ထဲတိုးဝင်သွားသည်။ ဘကြီးခင်ဒေါသတွေ မပြေသေးတာနှင့် ကိုဂျပန်ကို လှမ်းနှိုးသည်။ ကိုဂျပန်က အိပ်ချင်မူးတူးနှင့် တံခါးဖွင့်ထွက်လာသည်။ ကိုဂျပန်လည်း တံခါးဖွင့်ထွက်လာရာ ကိုဂျပန်ခြေထောက်အောက်ပိုင်းကို တံရွင်းနှင့်သိမ်းရိုက်ပစ်လိုက်သည်။ ကိုဂျပန် တံခါးပေါက်ဘေးမှာ ပုံပုံလေးခွေကျသွား၏။


" သည်လောက်ဆိုးတဲ့ ခွေးတွေမွေးထားရင်လည်း လုံလုံခြုံခြုံ ထိန်းလေကွာ။ အများပြည်သူသွားတဲ့လမ်းလေးတောင် ဖြောင့်ဖြောင့်မလျှောက်ရဘူး။ မင်းခွေးတွေပဲ ကြောက်နေရတာ။ ခွေးထက်မိုက်တဲ့ မင်းက သည်ခွေးတွေမွေးထားတာပေါ့။ နောက်တစ်ခါငါ့ကိုထွက်ကိုက်ကြည့်၊ မင်းသည်ထက်နာမယ်"
ဘကြီးခင်က ကိုဂျပန်ကို ခပ်ငေါက်ငေါက်လေးပြောပြီး ထော့နဲ့ထော့နဲ့နှင့် အိမ်ဘက်ပြန်လာခဲ့သည်။ ဆေးထိုးဆေးသောက်နှင့် ဘကြီခင်တစ်လလောက် ခံလိုက်ရသေးသသည်။ ပြီးခဲ့သည့်တစ်ပါတ်လောက်တုန်းကလဲ ဆွမ်းခံထွက်သည့် သံဃာတွေကို ကိုဂျပန့်ခွေးတွေ ထွက်ကိုက်လို့ ရပ်ကွက်နှင့် ပြသနာတက်ရသေးသည်။ ကိုဂျပန်ခမျာလည်း ကိုယ်မွေးထားသည့် ခွေးတွေဆိုတော့ စွန့်ပစ်ရလည်းအခက်။ အိမ်မှာဆက်ထားလည်း အဆင်မပြေနှင့် နေ့ရှိသရွေ့သည်ခွေးတွေအကြောင်းပဲ စဉ်းစားနေရသည်။ လှုပ်လှုပ်ရှိ ဘယ်သူ့ကိုများထွက်ကိုက်လေမလဲဟု စိုးထိတ်နေရသည်။
ဘကြီးခင် ကိုဂျပန်အိမ်နားဖြတ်တော့ ခွေးတွေ ခြေသံမကြားရအောင် ခြေထောက်ကိုဖွဖွလေးနင်းရသည်။ ခွေးနှင့်ရန်ဖြစ်ရတာလဲ သိပ်မနှိပ်ဘူးဟု ဘကြီးခင်တွေးဖြစ်လိုက်သေးသည်။ ခွေးဆိုတာလဲ ခွေးလောက်သိမှာဘဲလို့ ဘကြီးခင် တွေးခေါ်ပစ်လိုက်၏။
မပေါကြည်တို့ ညီအမကိုစောင့်ခေါ်ပြီး ဘကြီးခင်အိမ်ဘက်ပြန်လာခဲ့သည်။ အိမ်ရောက်တော့ လည်းမြန်မြန်ကောက်ပြီး အောက်ကိုင်းပြင်ဘက် အသော့နှင်သည်။ နေမထွက်ခင် တစ်ခေါက်လောက်အိမ်ရောက်ထားမှ ဖြစ်မည်။ မပေါကြည်တို့ ညီအမကိုဦးဆောင်ပြီး ပဲရိတ်ခိုင်းရသည်။ ဘကြီးခင်က နေ့စားကောင်လေးတစ်ယောက်ကိုခေါ်ပြီး ပဲလုံးတွေ လှည်းပေါ်တင်သည်။
သည်နှစ် ရာသီဥတုမှန်ပြီး မိုးလေ၀သကောင်းသောကြောင့် အောက်ကိုင်းမှာ ပဲနီပြားတွေ ခွေးနို့စို့နေသလိုသီးသည်။ ပဲလုံးတွေစီထပ်တင်နေသည့်ကောင်လေးပင် ပဲတောင့်ထိုးရာဗလပွနှင့် ဖြစ်နေ၏။
ဘကြီးခင်က ပဲလုံးတွေကို ခရင်းခွနှင့်ထိုးကော်ပြီး လှည်းပေါ်တင်ပေးသည်။ လှည်းဆောင့်လျှင် ပဲတွေပြုတ်မကျအောင် စနစ်တကျ ထပ်ခိုင်းရသည်။ ပဲလုံးတွေတင်သည့်နေရာမှာ လှည်းဦးမပေါ့အောင် ရှေ့နောက်ချိန်ညှိပေးတတ်ဖို့လိုသည်။ ပဲလှည်းက စနစ်တကျမတင်တတ်လျှင် ကန်ဇင်းပင်ချောင်းအဆင်းမှာ ဟတ်ထိုးလဲပြီး လှည်းမှောက်တတ်သည်။ ဘကြီးခင်က စိတ်ကြိုက်အနေအထားရအောင် ပြုပြင်ပေးပြီး ပဲလုံးတွေတင်သည်။ စိတ်ကြိုက်အနေအထားရောက်တော့မှ ခေါင်ချုပ်ခိုင်းသည်။ ခေါင်တည့်တည့်ကနေ ခရင်းခွကို ထိုးစိုက်ခိုင်းလိုက်၏။
နေ့စားကောင်လေးကို လှည်းပေါ်ကမောင်းခိုင်းပြီး ဘကြီးခင်က လှည်းအောက်ကဆင်းလိုက်သည်။ ဖုတ်ကျင်းတွေ ချိုင့်တွေရောက်လျှင် လှည်းကိုထိန်းမောင်းဖို့ သတိပေးရသည်။ သည်နှစ်ပဲတွေကောင်းတော့ ဘကြီးခင်တို့ အိမ်ဝိုင်းထဲမှာတင် မဆန့်တော့ဘဲ ရွာဦးကျောင်းဆရာတော်ကျောင်းဝင်းထဲမှာ ပဲတလင်းလုပ်ထားရသည်။
ပဲတလင်းထဲရောက်တော့ ပဲလုံးတွေပြန်ချသည်။ တစ်ရက်လောက်နေပြီး သည်ပဲတွေကိုနယ်ရမည်။ ပဲလုံးတွေနောက်တစ်ခေါက်တိုက်ဖို့ အောက်ကိုင်းထဲပြန်ထွက်ရသည်။ အိမ်ရှေ့ရောက်တော့ အလုပ်သမားတွေ မနက်စာစားဖို့ ထမင်းကြော်တွေကို ၀င်ယူရသည်။ ထမင်းကြော်တင်မကဘဲ ရေနွေးကြမ်းခရားနှင့် တို့ဟူးသုတ်တွေလည်းပါသည်။ ကိုင်းထဲရောက်တာနှင့် ပဲရိတ်နေသူတွေခေါ်၊ ခဏနားခိုင်းပြီး ထမင်းကြော်စားကြသည်။ ထမင်းကြော်စားပြီး ခြေညောင်းလက်ဆန့် ခဏနားကြသည်။ နားပြီးတာနှင့် ကိုယ်လုပ်ငန်းကိုယ်ဝင်ပြီး ပဲရိတ်ကြရပြန်သည်။
ဘကြီးခင်ကတော့ ပဲလှည်းနောက်တစ်စီးတင်ဖို့ နွားတွေကိုကောက်သည်။ အလုပ်သမားတစ်ယောက် လှည်းပေါ်တက်ခိုင်းပြီး ပဲလုံးတွေခရင်းခွနှင့်ထိုးပြီး လှည်းပေါ်စတင်သည်။ နေရောင်တွေ ခပ်ပြင်းပြင်းမကျခင် အလုပ်သိမ်းနိုင်အောင် ကြိုးစားရသည်။ နေပြင်းလာလျှင် ပဲတောင့်တွေကွဲအက်ပြီး အလေအလွင့်များသည်။ အခုတောင်နေကလေးစူးလိုက်တာနှင့် ပဲတောင့်တွေက တစ်ဖြောက်ဖြောက်အသံပေးနေပြီ။ နဖူးကချွေးတွေကို ခေါင်းပေါင်းထားသည့်ပုဆိုးစဖြင့်သုတ်ပြီး နောက်ဆုံးပဲလုံးတစ်လုံးကို ဘကြီးခင်ကော်တင်လိုက်၏။ သည်လောက်ဆို စိတ်ချရပြီ။
လှည်းပေါ်ကကောင်လေးကို ဆင်းခိုင်းပြီးနွားတွေချွတ်သည်။ လှည်းဒေါက်ကို ခိုင်ခိုင်ထောက်သည်။ ဧရာဝတီမြစ်ကမ်းစပ်က မြေနုကျွန်းကျူခုံတွေပေါ်မှာ နွားတွေကို ခဏလွတ်ထားလိုက်သည်။ ဘကြီးခင်ပြောင်းဖူးဖက်ဆေးလိပ်ကို မီးညှိပြီး တ၀ကြီးဖွာပစ်လိုက်၏။ ဆေးလိပ်ကို စိတ်ကြိုက်ဖွာပြီးမှ ပဲရိတ်သမတွေဆီ ထွက်လာခဲ့သည်။ ဆယ်နာရီထိုးလျှင်ပြန်ကြဖို့ သတိပေးပြီး ဆေးတက်ဖဲ့နေသည့်အဖွဲ့တွေဆီ ခြေဦးလှည့်လာခဲ့သည်။
ပဲရိတ်ပြီးလျှင် ပဲခင်းကျွတ်တွေကို ထယ်ထိုးရမည်။ ထယ်ထိုးပြီးလျှင် နွှေနှမ်းကျဲဖို့ ပြင်ဆင်ရဦးမည်။ သည်လိုနှင့် ဘကြီးခင်တို့မှာ နားရတယ်မရှိလိုက်ဘူး။ တောင်သူလုပ်ငန်းက ကျယ်တော့သည်လိုနှင့် နှစ်၊ ပတ်သာလည်သွားသည်။ လူကမနားလိုက်ရဘူး။ ပင်ပန်းတယ် ရယ်လို့တော့ ဘကြီးခင် သဘောမထားပါဘူး။ သည်လိုလုပ်နိုင်နေသေးတာကိုပဲ ဘကြီးခင်
ဂုဏ်ယူနေမိသည်။ ခနာကိုယ်ဆိုတာကလည်း ခိုင်းပေးနိုင်မှ ကျန်းကျန်းမာမာရှိတာကိုး။
ဘကြီးခင်နာမည်အရင်းက ဦးခင်ပါ။ အသက်ကလေးရလာတော့ ရွာထဲရပ်ထဲက လူတွေကလေးစားသမှုနှင့် ဘကြီးခင်လို့ပဲခေါ်ကြသည်။ အခုလုပ်နေသည့်အလုပ်တွေက ဘကြီးခင်ဧ။် ကိုယ်ပိုင်အလုပ်တွေလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ လခစားစာရင်းငှါးလား ဆိုတော့လည်း ပြောရခက်နေပြန်သည်။ ပြန်ပြောရလျှင်လည်းအရှည်ကြီး။
အမိန့်တော်ရသူကြီးဦးမြ လက်ထက်ကတည်းက သည်အိမ်မှာ ဘကြီးခင်တို့ အဖေက လူယုံတော်တစ်ယောက်ဖြစ်သည်။ ခိုင်းစရာလက်ကိုလက်တောင်းရှိလျှင် သူကြီးဦးမြက ဘကြီးခင်တို့အဖေ ဦးဖိုးခိုင်ပဲခိုင်းသည်။ လယ်ခွန်၊ မြေခွန်ကိစတွေ၊ ငွေတိုးကြေးတိုးကိစတွေကအစပေါ့။ ဘကြီးခင်တို့ဖေက သူကြီးဦးမြဧ။် တိုင်ပင်ဖော်တိုင်ပင်ဖက်ဆိုလည်းဟုတ်သည်။ ရှေးဘုန်းကြီးကျောင်းထွက်ဆိုတော့ လောကုတရာစာပေတွေမှာ ကျွမ်းဝင်နှံ့စပ်ဧ။်။ ဗေဒင်လေးဘာလေးလည်း မတောက်တခေါက်ဟောတက်ပြီး တိုင်ရင်းဆေးလေးလည်း ကုတက်သည်။ ဗေဒင်တွေ၊ တိုင်းရင်းဆေးတွေနှင့်ပတ်သက်ပြီး ကျမ်းကြီးကျမ်းခိုင် တော်တော်များများ ဘကြီးခင်တို့ အိမ်စာအုပ်စင်မှာရှိနေသည်။
ဘကြီးခင်တို့အဖေ ဦးဖိုးခိုင်ဆုံးတော့ သူကြီးဦးမြဧ။် လုပ်ငန်းဆောင်တာတွေကို ဘကြီးခင်က လက်ဆင့်ကမ်းတာဝန်ယူခဲ့ရသည်။ ဘကြီးခင်တို့ဖေဦးဖိုးခိုင်ဆုံးပြီး သိပ်မကြာပါဘူး သူကြီးဦးမြက နောက်ဖက်ကမ်းက ပန်းညိုသူ အန်တီလှကို လက်ထပ်ယူလိုက်သည်။ အသက်ခြောက်ဆယ်ကျော်မှ ကံထပ်ပေါ်တယ်ပြောရမှာပါ။ သူကြီးကတော် ဒေါ်မယ်မသေတာတောင် ဆယ်နှစ်ကျော်ခဲ့ပြီး သိပ်မကြာပါဘူး သူကြီးဦးမြက အနောက်ဖက်ကမ်းက ပန်းညိုသူ ဒေါ်မယ်မသေတာတောင် ဆယ်နှစ်ကျော်ခဲ့ပြီး တစ်ကိုယ်တည်းနေခဲ့တဲ့သူကြီးက ပန်းညိုသူနှင့်တွေ့မှ ကောက်ကာငင်ကာ မိန်းမထပ်ယူလိုက်ခြင်းဖြစ်သည်။
တိုက်နယ်သူကြီးဦးမြ စွဲစွဲလန်းလန်းဖြစ်တာလဲမပြောနှင့် အန်တီလှက တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မင်းရုပ်စိုးရုပ်ပေါက်သည်။ အရပ်က ထောက်ထောင်မောင်းမောင်းနှင့် အသားကဖြူသေးသည်။ အညာသူတွေထဲမှာ ရွှေရောင်အသားဝင်းဝါသူက အရှားသားမဟုတ်လား။ သူကြီးဆိုတာ လှလှရေ လှလှရေနှင့် နှုတ်ဖျားကကိုမချဘူး။ သူ့မိန်းမလေးကို ငုံထားမတက်ကို ဖူးဖူးမှုတ်ချစ်ခဲ့တာ။ ဒါပေမယ့် ဇရာကိုတော့ ဘယ်သူ့မှ မတွန်းလှန်နိုင်ဘူးမဟုတ်လား။ အိမ်ထောင်သက်သုံးနှစ်လောက်မှ သူကြီးဦးမြ လူကြီးရောဂါနှင့် ကွယ်လွန်သွားခဲ့ရှာသည်။ ဒူးတွေခွေခေါက်ကာ သတိမေ့လဲသွားပြီး သတိပြန်လည်မလာတော့တာ။
ဘကြီးခင်နှင့် အန်တီလှဆိုတာကလည်း အသက်သိပ်ကွာတာမဟုတ်ဘူး။ ရိုသေသမှုနဲ့မို့သာ အန်တီလှခေါ်နေရတာ။ မုဆိုးမပူပူနွေးနွေးလေးကို သနားတာကလည်းပါ၊ သံယောဇဉ်ကလည်း ပိုမိတာမို့ လုပ်ငန်းတွေကို ကိုယ်ဖိရင်ဖိကူညီလုပ်ကိုင်ပေးနေမိသည်။ အန်တီလှကလည်း အိမ်မှာသာနေပြီး လုပ်ငန်းသဘောတွေ သိပ်နားမလည်တာမို့ တောင်သူလုပ်ငန်းတွေအားလုံးကို ဘကြီးခင်အားပုံအပ်ထားလိုက်သည်။ ဘကြီးခင်ပြောသမျှ တိုင်ပင်သမျှ ခေါင်းညိမ့်သည်။ ဖြူသည်ညိုသည် ပြောနေတာမဟုတ်ဘူး။
ဘကြီးခင်က အန်တီလှတို့အိမ်မှာ တောင်သူဦးစီးလုပ်နေပေမယ့် တခြားတစ်ဖက်မှာ မိသားစုကရှိနေသေးသည်။ ဇနီးကြီးဒေါ်ခ ငုတ်တုတ်ရှိနေသလို သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ ဒေါ်ခကလည်း အူအူအအမို့ ဘကြီးခင်လုပ်သမျှ ဟုတ်ကဲ့ပဲ။ ဟုတ်ကဲ့မလုပ်လို့လည်းမရဘူး။ ဘကြီးခင်က မထင်မထင်သလို လက်ကပါတက်သည်။ ဒေါ်ခဆိုတာ ဆယ်နှစ်နေလို့ မြို့ပေါ် တစ်ခေါက်ရောက်ဖူးတာ မဟုတ်ဘူး။ ရွာမှာ ခြင်တွေပေါလာတာတောင် တို့ရွာမှာ ခြင်ပေါလာပြီမြို့ဖြစ်တော့မယ် ဟုပြောတက်သည့် အမျိုးအစားထဲကဖြစ်သည်။
ဘကြီးခင် အမျိုးသမီးဒေါ်ခက အကြော်လေးကြော်ပြီး ဘကြီးခင်သမီးကြီး မအေးပိုက်က ရွာထဲလည်ရောင်းသည်။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။ သည်ကြားထဲ ဘကြီးခင်တို့မိသားစု ခေတ်ကောင်တစ်ခတ်နှင့်ကြုံလိုက်သေးသည်။ အဖြစ်ကသည်လို။
ဘကြီးခင်တို့အိမ်ကို ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိသည့် ဘဲကလေးတစ်ကောင်ရှိသည်။ ဘဲက မန်ဒါလီဘဲအမျိုးအစား။ ခွေးလိုက်ဆွဲပြီးမျက်စိလည် လမ်းမှားပြီးရောက်လာခြင်း ဖြစ်နိုင်သည်။ မန်ဒါလီဘဲကလေး အိမ်မပြန်ပဲ ဘကြီးခင်တို့အိမ်မှာ ပျော်နေသည်။ ဘကြီးခင်က အိမ်နောက်ဘက်ခြံထဲမှာ ကန်လေးတစ်ကန်တူးပေးထားသည်။
ဘကြီးခင်က တိုင်းရင်းဆေးနှင့်ပတ်သတ်ပြီးလည်း တော်တော်လေးကျွမ်းဝင်
နှံ့စပ်သည်။ ရွာထဲမှာ ဘယ်ဆရာဝန် ဘယ်ဆေွးမှုးမှ ကုသလို့မရလို့လက်လျှော့သွားသည့် လူနာတစ်ယောက်ကိုတောင်းပြီး ဘကြီးခင် ဆေးကုပေးဖူးသည်။ လူနာရှင်တွေကလည်း လက်လွတ်ရတော့မှာမို့ မျက်ရည်စမ်းစမ်း စမ်းစမ်းဖြစ်နပြီဖြစ်သည်။ ဘကြီးခင်က လူနာအခြေအနေကြည့်ပြီး သဘော်ရွက်ကိုထောင်းပြီး သုံးခွက်တစ်ခွက်တင် ကြိုခိုင်းသည်။ သူစုဆောင်းတားသည့် ဆေးတစ်ချို့ထည့်ပြီး လူနာကိုတိုက်သည်။ ခဏနေတော့ အေးစက်နေသည့်လူနာက အပူတွေတက်ပြီး တဟင်းဟင်း အသံပေးသည်။ တစ်ပတ်လေက်နေတော့လူနာသက်သာသွားသည်။
ဘကြီးခင် တမဟုတ်ချင်း ဆေးဆရာအဖြစ် ကြော်ကြားသွားသည်။ ရွာနီးချုပ်စပ်က လူနာတော်တော်များများ ဘကြီးခင်ဆီ ဆေးကုဖို့ရောက်လာကြသည်။ ဘကြီးခင်က ရောဂါအခြေအနေကြည့်ပြီး သင့်တော်မည့်ဆေးတွေပေးသည်။ ဖြစ်ချင်တော့ ဘကြီးခင်တို့မွေးထားသည့် မန်ဒါလီဘဲထီးလေးက အရွယ်ရောက်လာသည်။ ဘဲမမရှိတော့ တဂွီးဂွီးနှင့် ဖိုသံပေးသည်။ အနီးနားမှာရှိသည့် ခွေးတွေလူတွေကို နှုတ်သီးဖြင့်လိုက်ထိုး၏။ နှုတ်သီးနှင့်လိုက်အဆိတ်ခံရသည့် လူနာတွေက မန်ဒါလီနှုတ်သီးနှင့်ဆိတ်လို့ ရောဂါတွေ ပျောက်တာပါဟု ဖြစ်ကုန်ကြရော။ မန်ဒါလီလေးဟာနေရင်းထိုင်ရင်း ဓာတ်ဘဲကြီး ဓာတ်ဘဲကြီးနှင့် နာမည်ကြီးသွားရှာတာ။ ဘကြီးခင်လည်း သည်လောက်အတွေးအခေါ် နုံနသည့် လူတွေ သူတို့ထိုက်နှင့်သူတို့ကံ နေပေလေ့စေဟု ပေယျာလကန် ပစ်ထားလိုက်သည်။ တစ်နေ့တစ်နေ့ ဓာတ်ဘဲကြီးဆီကို ဆေးလာကုတဲ့သူတွေများ နည်းတာမဟုတ်ဘူး။ ပိုက်ဆံတွေလည်းရလိုက်တာ သောက်သောက်လဲပဲ။
ဘကြီးခင်က နက္ခတ်ဗေဒင်ကိုလည်း စိတ်ဝင်စားတော့ တစ်ချို့ကိစ္စတွေမှာ ကြိုသိနေသလိုပဲ။ သူ့သားငယ် ကိုကျော်ထွေးက ပြောစကားနားမထောက်ပဲ တောင်ပေါက်ရိုးမှာ ငါးသွားဖမ်းတာ ဆည်ထဲပိတ်မိပြီးရေနစ်သေပါလေရော။ ဘကြီးခင်ခဗျာ သူပြောထားရက်နှင့် အခုလိုဖြစ်တာ ရင်နာလို့မဆုံးဘူး။
ဘကြီးခင်အမျိုးသမီးဒေါ်ခကြီး သွေးဆုံးကိုင်ပြီး ဆုံးသွားတော့ ဘကြီးခင်လည်း အန်တီလှဆီ အပြီးအပိုင်ပြောင်းနေလိုက်တော့သည်။ ရွာထဲရပ်ထဲကတော့ နည်းနည်းပါးပါး ပြောကြတာပေါ့။ ဒါပေမယ့် ဘကြီးခင်ကတော့ ဂရုမစိုက်ပါဘူး။ ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ဘူးဟု တွေးသည်။

အရင်တုန်းကရပ်ထဲရွာထဲ သာရေးနာရေးကိစ္စများရှိလျှင် သံဃာစင်ပေါ်သွားပြီး ဘာသာရေးကိစ္စလေးဆွေးနွေးတတ်သည်။ ကိုယ်သိသလောက် တက်သ လာက်ဖတ်မှတ်ထားတာလေတွေဆွေးနွေးဖြစ်သည်။ ခက်တာက တစ်ချို့လူတွေမှာ ဆွေးနွေးဖို့ထက် ငြင်းခုံကြဖို့ အားသန်နေတာကများသည်။ ကိုယ်ကဖြူလျှင် သူကမည်းချင်သည်။ ကိုယ်က အမှားဆိုလျှင် သူကမှန်ချင်သည်။ ဘကြီးခင် သဘောပေါက်ထားတာက ကိုယ်ကလည်းမှားပြီးသူတစ်ပါးလည်း မှန်နိုင်သည်။ ကိုယ့်အတွေးအခေါ်ဆိုတာတောင် မနေ့ကနှင့်သည်နေ့ တူတာမျိုးမဟုတ်ဘူး။ အမြဲပြောင်းလဲနေတာ။ ကိုယ်တောင်မှားနိုင်သေးတာ၊ သူတစ်ပါးအမှားကိုလည်း သည်းခံခွင့်လွှတ်တတ်ရမည်။ အမှားသိလျှင် အမှန်ရှိသည်။ ဓမ္မကိုသိပြီး အဓမ္မကိုစွန့်ခွါလျှင် ကမ္ဘာလောကငြိမ်းချမ်းသာယာမည်ဟု ဘကြီးခင်တွေးထင်ထားသည်။
အခုတော့ ငါသာမှန်ပြီး တစ်ပါးသူ အကုန်မှားသည် ဟုအယူအဆရှိသူများနှင့် သံဃာစင်ပေါ်မှာ ဘကြီးခင်စကားမပြောချင်တော့။ လူထူထူရှိလျှင် လက်ရှောင်နေချင်သည်။ ညမိုးလေချုပ်လို့ အလင်းရောင်ပျောက်ထာနှင့် အိမ်ရှေ့ကွပ်ပျစ်မှာထွက်ထိုင်သည်။ ကွပ်ပျစ်မှာထွက်ထိုင်သည်။ ကွပ်ပျစ်မှာမလှဲချင်လည်း ကွပ်ပျစ်ဘေးက ထန်းလက်ကုလားထိုင်မှာကြယ်ကြွေတွေကို စိတ်ဝင်တစားလိုက်ငေး၏။ ကွပ်ပျစ်ပေါ်မှာ အန်တီလှ လာချထားပေးသည့် လက်ဖက်သုတ်နှင့် မြေပဲကြော်ကို ၀ါးသည်။ ရေနွေးကြမ်းခါးခါးတစ်ခွက်ကို အရသာခံသောက်သည်။ ကြယ်တွေကိုကြည့်သည်။
ညစဉ်ညတိုင်း ကြယ်တွေကိုကြည့်ရင်း ဘကြီးခင် စကြာဝဌာကြီးကို စိတ်ဝင်စားစပြုလာ၏။ အဇဌာကောင်းကင်၏ ထူးဆန်းထွေလာဖြစ်စဉ်များကို တွေးဆဆင်ခြင်ကြည့်ချင်သည်။ စကြာဝဌာနှင့်ပတ်သတ်တော ကျမ်းကြီးကျမ်းငယ်များကို ရှာဖွေဖတ်ရှု့သည်။ ကမ္ဘာဦးကျမ်းတစ်ခုက
မူလကနဦးအချိန်ကာလ ၌စကြာဝဌာ တစ်ခုလုံးအမှောင်ထုကြီးဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ ထို့နောက်ရေလွှာထုကြီးဖြင့် ပျံ့နှံ့စိမ့်ယိုလာ၏။ ထိုမှတစ်ဆင့် အခွံအကာနှစ်မျိုးပါဝင်သော ရွှေဥ ကြီးတစ်လုံး ပေါက်ဖွားလာသည်။ အခွံအကာနှစ်မျိုးမှာ ဘူမိမြေ ကမ္ဘာနှင့်အဇဌာကောင်းကင်ပြင်ကျယ်တို့ ဖြစ်ကြသည်။ အခွံအကာမှနေမျက်စိလမျက်စိရှင်ဖန်ဆင်းသူဗြဟ္မာကြီးပေါက်ဖွားလာသည် ဟုဆိုသည်။ ကိုယ်မသိသေးတာကို သိရှိရ ၍ ဘကြီးခင် ထိုကျမ်းကိုစိတ်ဝင်စာသွားသည်။
ပရနေသည် သကြာသဌာ၏ ရုပ်ဒြပ်ဝတ္ထုပစ္စည်းအကောင်အထည်များကို ဖြစ်စေသည်။ အနုမြူ၏ အစကိုရှာဖွေတွေ့ရှိ ကြံစည်ခဲ့သော ပညာရှိ ကန်ဓာဒ ကမူ စကြာဝဋ္ဌာရုပ်ဒြပ်အကောင်အထည်သည် အရာဝတ္ထုကိုးမျိုး ဒါရဗျ မှစတင်ဖြစ်ပေါ်လာည်ဟုဆို၏။ အချို့က စကြာဝဋ္ဌာသည် ဖန်ဆင်းရှင်ပုဂ္ဂိုလ်များကြောင့် ဖြစ်ပေါ်လာသည်မဟုတ်။ ပင်ကိုယ်သတ္တိပါအရာဝတ္ထုများ၏ ဂုဏ်သတ္တိကြောင့် စကြာဝဋ္ဌာသည် ဖြစ်ပေါ်တည်ရှိရသည်ဟု ဆိုသည်။ နောက်ဆုံးအနေနှင့်စကြာဝဋ္ဌာသည် သတ္တ၀ါတို့၏ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်ကံနှင့် မကောင်းမှုကုသိုလ်ကံတရားများကြောင့် ဖြစ်ပေါ်လာရသည်ဟု ဆိုသူကလည်းဆိုကြလေသည်။
စကြာဝဋ္ဌာ၏ ဖြစ်စဉ်များကို လေ့လာရင်းကိုယ်လိုချင်တာရသော ကလေးတစ်ယောက်လို ဘကြီးခင် ပျော်မြူးနေတက်၏။ စကြာဝဋ္ဌာနှင့်ပတ်သတ်ပြီး ဇောတိသသျှတ္တရခေါ် နက္ခတ္တဗေဒ သိပ္ပံပညာရပ်များကိုလည်းလေ့လာဖြစ်ခဲ့သေးသည်။
တစ်ခါတစ်ရံ စိတ်လိုလက်ရှိ ဗိုင်းငင်နေသည့် အန်တီလှနားသွားထိုင်ပြီး မလှရေ သည်နှစ် နေ၊ လသွားရာလမ်းကြောင်းတွေမှန်ကန်တည့်မှတ်နေတယ်။ မိုးလေ၀သမှန်ပြီး ရာသီဥတုတွေကောင်းလိမ့်မယ်။ မိုးဦးစောမယ်။ ဆေးပျိုးတွေ စောစောကျဲမှဖြစ်မယ်ဟု ပြောတက်သည်။
ညစဉ်ညတိုင်း ကောင်းကင်ကြီးကိုထိုင်ကြည့်နေတော့ ဘကြီးခင်တစ်ယောက် ကောင်းကင်ကြီးကို အလွတ်ရနေတော့သည်။ ကြယ်တွေ၊ နက္ခတာရာတွေ၏ အရွေ့ကို ဘကြီးခင်လိုက်မှတ်သည်။ တစ်ချို့ကြယ်တွေကတစ်ခါတစ်ရံလင်းလတ်ပြီး တစ်ခါတစ်ရံ မှုန်နေတတမ၏။ နဂါးငွေ့တန်းထဲမှ ကြယ်အပျောက်အရှတွေကို ဂရုတစိုက်လေ့လာသည်။ သောကြာကြယ်ကြီးလနှင့်နီးလာပြီလား ဘကြီးခင်စိုးတထိတ်ထိတ်ကြည့်သည်။ တစ်ခါတစ်ရံကလေးဆန်ဆန် ဘကြီးခင်တွေးကြည့်၏။
သည်ကောင်းကင်ကြီးပဲ ညတိုင်းထိုင်ကြည့်နေရတာ။ ညကလည်းသည် ည ပဲ။ လ ကလည်းသည် လပဲ ။ ကမ္ဘာ၏ တစ်ခြားတစ်ဖက်ခြမ်းက ည နှင့်ကောင်းကင်ကြီးများ ကြည့်ခွင့်ရခဲ့ရင်……………………..
ဘကြီးခင် အဲသလိုပြောတော့ အရူးအပေါတစ်ယောက်လို ၀ိုင်းလှောင်ကြသည်။ ဘကြီးခင်က သူဖြစ်ချင်တာကို သူပြောသည်။ ဘကြီးခင်မှာ သားရေဖုံးနှင့် မှတ်စုစာအုပ်လေးရှိသည်။ ကြယ်တွေကို မှတ်တမ်းပြုစုထားသည်။ ဘယ်နေ့ ဘယ်နက္ခတ်မှာ ဘယ်ကြယ်ကြွေတာ။ ဘယ်အရပ်ဒေသက ဘယ်ကြယ်ကြွေရင်ဘာတွေဖြစ်တတ်သည်။
တစ်ရက်တော့ ကောင်းကင်ကြီးကို ဘကြီးခင် စူးစူးစိုက်စိုက်ကြည့်သည်။ ညကမှောင်တော့ ကြယ်တွေကပိုလင်းနေသလားထင်ရ၏။ အင်္ဂါဂြိုလ်က မာဃနက္ခတ်အလယ်ကို ဖြတ်သန်းပြီး ၀ိသာခါနက္ခတ်ကိုပါ ထပ်မံဖြတ်သန်းနေသည်။ အဲဒီအနေအထားကို ဘကြီးခင် မကြိုက်ဘူးဖြစ်နေသည်။ ဘကြီးခင် လင်္ကာတိုလေးတစ်ပုဒ်ကို မရေရွတ်စဖူးရေရွတ်သည်။
တစ်တေဒူး တစ်ကောင့်တစ်ကောင်
ထိုးဆိတ်ကြ မောင်
ရှုံကောင်ကို နိုင်ကောင်သုတ်
ဘုတ်က အချောင်
အမ္ဘုမ္မာ ခြေဆင်း ခံရစ်တော့ မင်း….

အဲသည်ညမှာပဲ မထင်မှတ်ပဲ ဘကြီးခင်ရုတ်တရက်ဆုံးပါးသွားခဲ့သည်။
ကြယ်ကြေစာရင်းစာအုပ်ကလေးက သခင်မဲ့နေခဲ့သည်။ သည်စာအုပ်မှာ ကြယ်ကြွေတွေကို ဘယ်သူမှတ်တမ်းတင်ရစ်မှာလဲ။ ။

ထက်နိုင်(တလုတ်မြို့)
21.11.07


No comments: