Sunday, January 20, 2008

မေ့တတ်လို့ပါ

ပေါ်ကြေးတို့က မေ့တတ်သည့်နေရာ မျိုးနှင့် ရိုးနှင့်ဟုဆိုရမည်ထင်သည်။ ပေါ်ကြေးတို့ အဖေလည်း မေ့တတ်သည်။အမေလည်း မေ့တတ်သည်။ ပေါ်ကြေးတို့ အဘိုးလည်း မေ့တတ်သည်။ ပေါ်ကြေးတို့ အဘိုးမေ့တတ်ပုံလေး ပြောပါဦးမည်။ပေါ်ကြေးတို့ အဘိုးက စာမတတ်ပေမယ့် လည်လည်ဝယ်ဝယ်ရှိသည်။ ပေါ်ကြေးတို့က အညာဒေသ အပူပိုင်းဆိုတော့ တပေါင်းတန်ခူးတောင်သူ လုပ်ငန်းတွေ သိမ်းပြီးရင် နှစ်လတန်စီ သုံးလတန်စီ နားနေရတာကများသည်။ နွေရာသီမှာ နားမနေချင်တာနှင့်သစ်သီးသစ်နှံလေးရောင်းချပြီး အောက်ပြည်၊ အောက်ရွာသွားကာ ဆန်ကုန်ကူးသည်။ ပထမတစ်ခေါက်နှစ်ခေါက်တော့ ဆန်လေးသယ်လာလိုက် ပြန်ရောင်းချလိုက်နှင့် ရွာကိုသတိရသေးသည်။ မိသားစုကိုလည်း မှတ်မိသေးသည်။ သုံးလေးခေါက်လည်း ကြာပြီးရော တဖြည်းဖြည်းနှင့် မိသားစုကိုရော ရွာကိုပါ မေ့တေ့တေ့ဖြစ်လာသည်။ နောက်တော့ ရွာကို လုံးဝပေါ်မလာတော့ဘူး။ ရွာကိုမေ့၊ မိသားစုကိုမေ့၊ ပေါ်ကြေးတို့ အဖွားကိုပါ မေ့သွားသည်။ သူ့ကိုယ်သူလူပျိုထင်ပြီး အောက်ပြည်အောက်ရွာမှာတင် တစ်အိုးတစ်အိမ် ထူထောင်လိုက်သည်။

"မင်းတို့ အဖိုးမေ့တတ်ပုံများ ပြောမပြောချင်ဘူး။ သူ့ကိုယ်သူ လူပျိုထင်ပြီး
မိန်းမယူလိုက်တာ ကလေးနှစ်ယောက်ရမှ အဖွားကို
ပြန်သတိရတယ်တဲ့။ သူမေ့တတ်ပုံကလည်း
တစ်မျိုးကြီးဟဲ့"


ပေါ်ကြေးတို့ အဖွားဆိုတာ ပြောလို့ကို မပြီးတော့ဘူး။
ပြီးတော့ ပေါ်ကြေးတို့ အဖွားက ပေါ်ကြေးတို့ အဘိုးအကြောင်း တခုတ်တရပြောထားတာတွေ ရှိသေးသည်။ ပေါ်ကြေးတို့ ရွာက
ဧရာဝတီမြစ်နှင့် တစ်မိုင်လောက်ဝေးသည်။ ၀ါဆိုဝါခေါင် ဧရာဝတီ မြစ်ရေတက်ချိန်ဆိုရင် ဧရာဝတီမြစ်နှင့် ရွာကြားမှာ ရေပြင်ကြီး
ဖြစ်နေတတ်၏။ သီတင်းကျွတ်၊ တန်ဆောင်မုန်းရောက်မှ ဧရာဝတီ မြစ်ရေကပြန်ကျသည်။ ပြီးတော့ ဧရာဝတီမြစ်နှင့် ပေါ်ကြေးတို့ ရွာကြား ကန်ဇင်းပင်ချောင်းဆိုတာ ရှိသေးသည်။ ဧရာဝတီမြစ်ဘေးက မြေနုကျွန်းတွေသွားချင်လျှင် ကန်ဇင်းပင်ချောင်းကို ဖြတ်သွားမှရသည်။ ရေကျကာစရက်ဆိုလျှင်နွားကော၊လူကော ရေကူးသွားရသည်။ တစ်ရက်မှာ ပေါ်ကြေးတို့ အဘိုးက မြေနုကျွန်းပေါ်ထယ်ထိုးသွားဖို့ စောစောထနွားစာကျွေးသည်။ နွားတွေဝတော့ တံပိုးတုန်းမှာနွားတွေတပ်ပြီး တံပိုးပေါ်မှာ ထယ်ကိုချိတ်တင်လိုက်၏။ ကန်ဇင်းပင်ချောင်းရိုးရောက်လျှင် ရေကူးရမှာသတိရပြီး ၀တ်ထားသည့်ပုဆိုးကိုချွတ်ပြီး ခေါင်းမှာပေါင်းထားလိုက်သည်။ ခပ်တည်တည်နှင့် နွားတစ်ရှည်းမောင်းပြီး ရွာအနောက်တံခါးကို ထွက်လာသည်။
လင်းအားကြီးအချိန်မို့ ပဲခင်းစပါးခင်း၊ ဆေးခင်းသွားသည့် အမျိုးသမီးတွေနှင့် လမ်းမှာတွေ့သည်။ အမျိုးသမီး တစ်သိုက်က လှည့်ကြည့်လှည့်ကြည့်နှင့် ပြုံးဖြီးဖြီးဖြစ်သွားကြသည်။ ပေါ်ကြေးတို့ အဘိုးက ခပ်တည်တည်ဖြင့် နွားတွေကို ခပ်သွက်သွက်မောင်းသည်။ လူတွေသူ့ကိုကြည့်ပြီး တဟားဟားရယ်နေတာ သတိမထားမိဘူး။ ချောင်းစပ်ရောက်မှ ပုဆိုးချွတ်မလို့ ငုံ့အကြည့် ပါးစပ်က ဟိုက်ခနဲ မြည်သွားသည်။ ခပ်ရှက်ရှက်နှင့် ရေထဲ ဒိုင်ဗင်ထိုးချလိုက်ရသည်။ သူမေ့ တတ်ပုံကလည်း မျက်နှာပူစရာကြီးကိုး။
ပေါ်ကြေးတို့အဘိုးမေ့တတ်သလို ပေါ်ကြေးအဖေလည်း မေ့တတ်သည်။ ပေါ်ကြေးတို့ အဖေနှင့် အမေလက်ထပ်ပြီးကာစက မန္တလေးကို ဘုရားဖူး သွားကြသည်။ တကယ်တန်းပြောမယ်ဆိုရင်တော့ ဘုရားဖူးချည့် သက်သက်တော့ မဟုတ်ဘူးပေါ့။ ကြက်သွန်လေး ဆယ့်ငါးအိတ်၊ အိတ်နှစ်ဆယ်တင်ပြီး ကြက်သွန်ရောင်းရင်း ဦးဘသန်းတို့ ပွဲရုံတေါမှာ ရောင်းတာကများသည်။ အဲသည်ပွဲရုံတွေက ကြက်သွန်လာရောင်းသူတွေကို အိပ်စရာ နေရာပေးသည်။ ဒါနှင့် ပေါ်ကြေးတို့ အဖေနှင့် အမေ ကြက်သွန်အိတ်တွေ ပွဲရုံမှာ ချထားပြီး မဟာမြတ်မုနိဘုရားကြီး သွားဖူးကြသည်။ ကိုင်းတန်းဈေးကိုဖြတ်ပြီး ဈေးချိုဘက် ကိုတက်သည်။ ရှစ်ဆယ့်လေးလမ်းပေါ်ရောက်တော့ ဘုရားကြီး၊ ဘုရားကြီးဆိုတာနှင့် ကားပေါ်တက်ထိုင်လိုက်သည်။ သုံးဆယ့်နှစ်လမ်းရောက်တော့ ခရီးသည် တင်ဖို့ ကးကအငြိမ့်၊ ရွာကဆိုက်ကားနင်းနေသည့် ကလေးတစ်ယောက်တွေ့တာနှင့် အားရ၀မ်းသာ နှုတ်ဆက်ဖို့ ကားပေါ်ကခုန်ဆင်းလိုက်သည်။ လိုင်းကားပေါ်မှာ သူ့ဇနီးပါသွားတာ သတိမရတော့ဘူး။ ရွာကကောင်လေးနှင့် စကားတွေ ဖောင်ဖွဲ့ပြောရင်း ဘုရားဖူးသွားတာ မေ့သွားသည်။ ခပ်တည်တည်နှင့် ပွဲရုံပြန်လာသည်။ ပွဲရုံရောက်ပြီး သူ့ဇနီးမတွေ့တော့မှ ဘုရားဖူးသွားတာ သတိရသွားသည်။ အဲ့သည်တော့မှ ပွဲရုံပိုင်ရှင် အကူအညီတောင်းပြီး ပြန်ရှာရသည်။ သူတော်ကောင်းတွေ ကူညီလို့ သူ့ဇနီးသည်ကို အရှင်လတ်လတ် ပြန်တွေ့ရခြင်း ဖြစ်သည်။ ပေါ်ကြေးတို့ အမေဆိုတာ ဘယ်တော့မှ ပေါ်ကြေးတို့ အဖေနှင့် ခရီးအတူတူသွားဖို့ မပြောတော့ဘူး။
တစ်အိမ်ထဲမှာ အတူတူနေသည့် သားအဖချင်းတောင် လမ်းမှာတွေ့လို့ အဖေ ဘယ်သွားမလို့လဲ မေးရင် ခေါင်းကိုလက်ဖြင့်ကုတ်ပြီး သြ တူပါထယ်ထင်လို့ သေသေချာချာကြည့်နေတာ။ ငါ့သား ပေါ်ကြေးကြီးကိုး။ အမေမင့်ကို မေ့နေတာကွ။ တော်တော်ပြန်စဉ်းစားယူရတယ် ပေါ်ကြေးတို့ အဖေက အဲသလိုကို မေ့တတ်တာ။
ရွာဦးကျောင်းဆရာတော်ဦးဝိမလကတော့

"လူဆိုတာ ဘ၀မမေ့ရဘူး"

ဟု မကြာခဏဆုံးမတတ်သည်။

"ကိုယ့်ဘ၀ဆိုတာ ကိုယ့်သမိုင်းပဲ မောင်ရ။ ကိုယ့်သမိုင်းကိုယ် ပြန်သတိရရင် မအ
တော့ဘူးပေါ့ကွ"


ဆရာတော်က ပေါ်ကြေးနှင့်ကြုံတိုင်း ထိုကဲ့သို့ မကြာခဏ သြ၀ါဒ ခြွေတတ်၏။ တစ်ခါတစ်လေတော့လည်း လူ့ဘ၀ကြီးကို ဖြတ်သန်းရင်း နားကျည်းစရာတွေ၊ ကြေကွဲဝမ်းနည်းစရာတွေ၊ ရွံရှာစက်ဆုပ်စရာတွေကို ပေါ်ကြေးမေ့ပစ်ချင်သည်။ သတိရနေရတာနှင့်စာလျှင် မေ့ပစ်လိုက်တာက ပိုပြီးနေသာထိုင်သာ ရှိမည်ဟု ပေါ်ကြေးထင်သည်။ တစ်ခါတစ်ရံ တစ်ကယ်မမေ့ပဲ မေ့ပစ်ချင်ယောင်ဆောင်ရတာတွေ ရှိသည်။ ပေါ်ကြေးရွာမှာ ရှိစဉ်က ကောင်မလေးတစ်ယောက်ကို ရည်းစားစကားလိုက်ပြောဖူးသည်။ သိပ်ဝေးဝေးလံလံထဲကတော့ မဟုတ်ဘူး။ ပေါ်ကြေးတို့ ရပ်ကွက်ထဲကပါပဲ။ ရည်းစားစကားပြောပြီး အဖြေတောင်းဖို့ မေ့သွားသည်။ ပေါ်ကြေးတောင်ပေါ်မြို့ကလေးရောက်လာပြီး ရွာကို တစ်ခေါက်တစ်ကျင်းပြန်တော့ အမေက စိတ်လိုလက်ရပြန်ပြောသည်။

"ခက်စိမ်းခင် က နင်သူ့ကို ရည်းစားစကားပြောပြီး အဖြေမတောင်းလို့တဲ့။ အမေ့ကို
ခဏခဏတိုင်ပြောတယ်"


ပေါ်ကြေး ထိုကိစ္စကို ရိုးရိုးသားသား အမှန်တကယ်မေ့သွားခဲ့ခြင်းဖြစ်သည်။
ရိုးရိုးသားသားမဟုတ်ပဲ မေ့ချင်ယောင်ဆောင်ခဲ့သည့် အဖြစ်အပျက်တစ်ခုတော့ ပေါ်ကြေးဘ၀မှာ ရှိနေခဲ့သည်။ ပေါ်ကြေး ကြီးပွားရာ ကြီးပွားကြောင်းရှာကြံရင်း ရတနာပြေတောင်ပေါ်မြို့ကလေးသို့ ရောက်လာသည်။ ခဲတွင်းလေးဆင်းလိုက်၊ ပွဲစားလုပ်လိုက်၊ ကုန်သည်လေးလုပ်လိုက်နှင့် အချိန်တွေကို စားသုံးပစ်နေသည်။ လူ့ဘ၀ဆိုတာကလည်း ပိန်တစ်ခါ ဖောင်းတစ်လှည့်မို့ အဆင်ပြေတာရှိသလို အဆင်မပြေတာတွေလည်း ရှိသည်။ ထားပါတော့။ "ပြာလဲ့" ကို ပေါ်ကြေး "ဇာမချဲ့" ချင်တော့။
ပေါ်ကြေးထာပွဲသွားရင်း မသန်းသန်းမြင့်နှင့် ရင်းနှီးခင်မင်ခွင့်ရသည်။ မသန်းသန်းမြင့်က အနီတစ်,ကိုက်တွေစပ်သည်။ တစ်ခါတစ်ရံ ပေါ်ကြေး ပွဲစားဆွဲလာသည့် တစ်,ကိုက် အရည်တက်လေးတွေကို ဈေးပိုပေးပြီးဝယ်တတ်သည်။ အချိန်ရလျှင် ပေါ်ကြေးကို ခေါက်ဆွဲလေးကျွေးပြီး လက်ဖက်ရည်ပါတိုက်တတ်၏။ အစ်မသန်းသန်းမြင့်က အသားဖြူပြီး မျက်နှာလေးက ဆွဲဆောင်မှု အပြည့်ရှိပေမယ့် ခန္ဓာကိုယ်က အနည်းငယ်ဆူဖြိုးသည်။ လမ်းလျှောက်လျှင်လည်း လှုပ်လိလှုပ်လဲ့ ခပ်ယဲ့ယဲ့ရယ်။
ကြိုးချင်းထား ကြိုးချင်းငြိဆိုသလို အထိအတွေ့များလာတော့ မသန်းသန်းမြင့်ကို ပေါ်ကြေးသံယောဇဉ်တွယ်မိသွားသည်။ ပေါ်ကြေးဘ၀မှာ အခြားအမျိုးသမီးတွေနှင့်လည်း အထိအတွေ့ အဆက်အဆံနည်းသည်။ မသန်းသန်းမြင့်၏ ၀ တာလေးကိုပဲ ချစ်စရာလေးဟု ပေါ်ကြေးထင်လာ၏။ မသန်းသန်းမြင့်၏ရူပါရုံက ပိုက်ကွန်တစ်ခုလို ပေါ်ကြေးအားလွှမ်းခြုံလိုက်သည်။ အချစ်ဆိပ်တက်နေတုန်းမှာ ပေါ်ကြေးနှလုံးသားတွေ မူးမိုက်နေ၏။
ပန်းခြံထာပွဲသွားရင်း မသန်းသန်းမြင့်က ပေါ်ကြေး နဂါးရုံဘုရား မရောက်ဖူးဘူးဆိုတာနှင့် ဘုရားကိုလိုက်ပို့သည်။ ဆောင်းလလယ်မှာ ချယ်ရီပန်းတွေက အစွမ်းကုန်ဖူးပွင့်နေသည်။ ငြိမ်းချမ်းတိတ်ဆိတ်သည့် နဂါးရုံဘုရား ရင်ပြင်မှာ ပေါ်ကြေး မသန်းသန်းမြင့်ကို မေတ္တာအကြောင်းတွေပြောပြဖို့ ကြိုးစားလိုက်သည်။

"ချယ်ရီပန်းတွေ သိပ်လှသလို မသန်းသန်းမြင့်လည်း အရမ်းလှတယ်။ ချယ်ရီပန်းလေးတွေ
ချစ်စရာကောင်းသလို အစ်မကလည်း သိပ်ချစ်စရာကောင်းတာပဲ။ အစ်မကိုကျွန်တော် ချစ်တယ်။"


ဘုရားရင်ပြင်ပေါ်မှာ ငှက်ကလေးတွေ တီတီတာတာ အသံမြည်သွားသည်။ လေညှင်းသွဲ့သွဲ့တိုက်သည်။ မသန်းသန်းမြင့်ပါးပြင် ရဲခနဲ ဖြစ်သွားသည်။

"ဟင်းရွက် ကန်ဇွန်း ကိစ္စမဟုတ်ဘူး မောင်လေးရဲ့ မမ စဉ်းစားပါရစေဦး"


ပေါ်ကြေးက ချယ်ရီပန်းတစ်ခက်ခူးပြီး မသန်းသန်းမြင့် ဆံနွယ်ပေါ် ပန်ဆင်ပေးလိုက်သည်။ နှစ်ယောက်သား ဘုရားရင်ပြင်ပေါ်ကနေ တိတ်တဆိတ် ပြန်လည်ထွက်ခွါလာခဲ့သည်။ လေပြေလေညှင်းက စကားလုံးတွေ ခိုးဝှက်သွားသည်။
ခဲတွင်းတွေ ပြန်စတော့ ပေါ်ကြေး ခဲတွင်း ပြန်ဆင်းဖြစ်သည်။ နေ့အိပ် ညဆင်းနှင့်ဆိုတော့ ပေါ်ကြေး ဘယ်မှမသွားဖြစ်ဘူး။ မသန်းသန်းမြင့်ကိုတောင် မေ့တေ့တေ့ ဖြစ်သွားသည်။ တစ်ရက် ဂါးဒင်း လက်ဖက်ရည်ဆိုင်မှာ တွင်းဆရာကိုဝင်းအောင်နှင့် လက်ဖက်ရည်ထိုင်သောက်နေစဉ် ခပ်လှမ်းလှမ်းမှ အမျိုးသမီးတစ်ယောက် တလိမ့်လိမ့်ချဉ်းကပ်လာနေသည်။ ဗြုန်းခနဲကြည့်လျှင် ကြော်ငြာသရုပ်ဆောင် ပွင့် လိုလို ဘာလိုလို ထင်မှတ်မှားရသည်။ အသေအချာကြည့်မှ မသန်းသန်းမြင့် ဖြစ်နေသည်။ မတွေ့ရသည့် သုံးလေးလအတွင်းမှာ အစ်မမသန်းသန်းမြင့်က တော်တော်တော်လေးဝသွားရှာသည်။ မသန်းသန်းမြင့်က ပေါ်ကြေးကိုတွေ့ချင်လွန်းလို့ လုပ်ကွက်တွေထဲအထိ လိုက်လာသည်။ ပေါ်ကြေးက နှုတ်ဆက်ပြီး ခေါက်ဆွဲခေါ်ကျွေးသည်။ တွင်းဆရာကိုဝင်းအောင်နှင့် မိတ်ဆက်ပေးသည်။ မသန်းသန်းမြင့် အပြုံးတွေက ၀င်းလက်နေ၏။ ပေါ်ကြေး မသန်းသန်းမြင့် ကိုယ်ခန္ဓာကြည့်ပြီး ကြက်သီးတွေ ဖျန်းခနဲ ထသွား၏။

"မောင်လေးကို မျှော်နေတာ။ အလုပ်နားတဲ့ရက် လာခဲ့ဦး။ မောင်လေးကြားချင်တဲ့ စကား
ကြားရစေ့မယ်။"


ခေါက်ဆွဲစားပြီးတော့ ပေါ်ကြေးကို နှုတ်ဆက်ကာ မသန်းသန်းမြင့် တလှုပ်လှုပ်ထွက်ခွါသွားသည်။မသန်းသန်းမြင့် ဘယ်လောက်ပင်မျှော်နေ မျှော်နေ ပေါ်ကြေး မသန်းသန်းမြင့်ဆီ ဘယ်တော့မှ သွားဖြစ်တော့မှာမဟုတ်ဘူးဆိုတာ သေချာနေသည်။ ပေါ်ကြေး တကယ်ပဲ မေ့တတ်တာလား။ မေ့ချင်ယောင်ပဲ ဆောင်နေတာလား။ ပေါ်ကြေးပဲအသိဆုံး ဖြစ်ပေလိမ့်မည်။ ။

No comments: