Friday, November 23, 2007

မတရားကြီးတော့မလုပ်လိုက်ပါနဲ့

စူပါဆလွန်းကားလေးက ဆရာတော်ကိုပညာ၏ တောင်လေးလုံးကျောင်းတိုက်ဆီ တရိပ်ရိပ်ပြေးလွှားနေ၏။ ကားလေးက လမ်းသွယ်တွေတစ်ခုပြီးတစ်ခုချန်ထားရစ်ခဲ့သည်။ ပလူတွင်းက ပလူကောင်တွေတိုးထွက်သလိုမျိုး မြို့ကလေးထဲသို့ လူတွေဥဒဟို တိုးဝှေ့သွားလာနေကြသည်။ ကားလေးက ရထားသံလမ်းတစ်ခုကိုကျော်ဖြတ်ပြီး လမ်းကျဉ်းလေးတစ်ခုထဲသို့တိုးဝင်လာခဲ့၏။ လမ်းကျဉ်းလေးအတိုင်း ဆယ်မိနှစ်လောက်မောင်းဝင်လိုက်တာနှင့် ဆရာတော်ကိုပညာ၏ တောင်လေးလုံးကျောင်းတိုက်သို့ရောက်သည်။
ဓမ္မရိပ်ပီပီ ကျောင်းလေးက အေးချမ်းတိတ်ဆိတ်ငြိမ်သက်နေသည်။ “ မနက်ဖြန် အမေမာရဲ့ ၉၁- နှစ်ပြည့်မွေးနေ့မှာ ထက်အောက်မြန်မာပြည်တစ်ခွင်က စာရေးဆရာကဗျာဆရာတွေ စုံစုံညီညီရောက်လာကြမှာ။ အခုတော့ ဘယ်သူမှရောက်မလာသေးဘူးထင်တယ်။ ချောက်ကပ်လို့ ”
ဆရာဂျိုဇော်က တစ်ကိုယ်တည်းရေရွတ်ရင်း ပေါ်ကြေးကို ကျောင်းကလေးဆီ ဦးဆောင်ခေါ်သွားသည်။ စေတီရင်ပြင်ပေါ်မှာ ဆရာတော်ကိုပညာ (အမရပူရ) ကို အဆင်သင့်တွေ့ရသည်။ ဆရာဂျိုဇော်က ပေါ်ကြေးအခြေအနေကို အကျဉ်းချုံ့ပြီးရှင်းပြလိုက်သည်။ ဆရာတော်ကိုပညာဆိုတာ နှယ်နှယ်ရရပုဂ္ဂိုလ်ကြီးမဟုတ်ဘူး။ ရှောင်လင်ကျောင်းတော်က လက်ရှိဂိုဏ်းချုပ် “ တုဖု ” လေဖြတ်သွားလို့ အဝေးရောက်ရှောင်လင်ဂိုဏ်းချုပ်အနေနှင့် တာဝန်ယူထားတာ။
ဆရာတော်က ပေါ်ကြေးကို အတွင်းဆောင်ဆီခေါ်သွား၏။ ကျောက်စိမ်းထိုင်ခုံပေါ်မှာ ပေါ်ကြေးကို ဖင်ချထိုင်ခိုင်း၏။ ပေါ်ကြေးကို လက်ဝါးဖြန့်ခိုင်းပြီး လက်ဖ၀ါး၏ဗဟိုကျော သွေးကြောမကိုထောက်ကြည့်သည်။ မန်စန်းတောင်အဆိပ်လက်ဝါး ထိထားတာသေချာသည်။ ထိုက်ကျိသွေးကြောလည်း အပိတ်ခံထားရသည်။
ဆရာတော်ကိုပညာကလည်း သူလေ့ကျင့်ထားသည့် “ မိုးပျံလက်ဝါးသိုင်း ” ကျင့်စဉ်မှန်မမှန် သိချင်နေတာနှင့်အတော်ဖြစ်သွားသည်။ စွန့်တော့စွန့်စားရမည်။ ကျင့်စဉ်မှန်ရင် မန်စန်းတောင်အဆိပ်နှင့် သွေးကြောပိတ်ထားတာပါ လွင့်ပြယ်သွားမည်။ ကျင့်စဉ်မမှန်ရင်တော့….။ လူနာအတွက် မစဉ်းစားရဲ။ ဆရာတော်ကိုပညာ အရဲစွန့်ဖို့ကြိုးစားဆုံးဖြတ်လိုက်၏။
စိတ်ကိုတည်ငြိမ်အောင်ထားပြီး ဂုဏ်တော်တွေကိုအာရုံပြုလိုက်၏။ ဆရာတော်က ပျံ့လွင့်စိတ်တွေထိန်းချုပ်နိုင်တာနှင့် “ မိုးပျံလက်ဝါးသိုင်း ” အမှတ်တစ်သိုင်းကွက်ကို စတင်ပုံဖော်သည်။ မိုးပျံလက်ဝါးသိုင်းမှာ အဆင့်ရှစ်ဆင့်ရှိသည်။ သိုင်းကွက်တွေက နက်နဲခက်ခဲပြီး ဂမ္ဘီရဆန်သည်။ ဆရာတော်၏ ဘယ်ညာလက်ဝါးနှစ်ဘက်က လေထဲမှာပျံဝဲနေသည်။ လက်ဝါးတွေက မြွေဟောက်တစ်ကောင်လို မာန်ဖီနေတယ်။ မြွေဟောက်ပါးပြင်းတွေလို ယိမ်းနွဲ့နေသည်။ ဆရာတော်၏ သင်္ကန်းစတွေက လေမှာတလွင့်လွင့်။ သိုင်းကွက်တွေ တစ်ကွက်ပြီးတစ်ကွက်အရှိန်မြှင့်အပြီးမှာ ဆရာတော့်ကိုယ်ခန္ဓာက လေထဲမှာပျံဝဲနေတော့သည်။ နောက်ဆုံးသိုင်းကွက် အားထည့်အပြီးမှာ ဆရာတော်ကညာဘက်လက်ဖ၀ါးးကို ဆန့်ထုတ်လိုက်သည်။ လက်ဖ၀ါးနှင့် ပေါ်ကြေးငယ်ထိပ်အတွေ့မှာ “ ဖြောင်း ” ခနဲအသံမြည်သွား၏။ ဆရာတော်က ပေါ်ကြေးငယ်ထိပ်သွေးကြောတွေကို လက်ချောင်းလေးများဖြင့် ထောက်ထား၏။ ပေါ်ကြေးချွေးပျံလာပြီး တစ်ကိုယ်လုံးချွေးများဖြင့် ရွဲနစ်လာသည်။ သွေးလည်ပတ်မှုပြောင်းပြန်စီးဆင်းပြီး ထိုက်ကျိသွေးကြောပြန်ပွင့်သွာသည်။ ဆရာတော်က မန်စန်းတောင်အဆိပ်ကိုလည်း ပြန်စုယူနိုင်၏။ ပေါ်ကြေးပါးစပ်မှ သွေးပွက်ပွက်အန်ထွက်လာပြီး လောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွားတော့သည်။ ဆရာတော်ကိုပညာက ဆုံးရှုံးသွားသည့်အတွင်းအားများကို ပြန်လည်လေ့ကျင့်ယူလိုက်သည်။ ဆေးကုသမှုပြီးသွားတာနှင့် အခန်းထဲသို့ ဆရာဂျိုဇော်ရောက်လာသည်။ “ မစိုးရိမ်ရတော့ပါဘူး။ ဘုန်းကြီးရဲ့ မိုးပျံလက်ဝါးသိုင်းကျင့်စဉ်လည်း အောင်မြင်သွားပါပြီ။ ဒကာကြီး စိတ်အေးလက်အေးပြန်နိုင်ပါပြီ ” ဆရာတော်ကိုဝတ်ပြုပြီး ဆရာဂျိုဇော်လည်း သူ့ကားလေးဖြင့် စိတ်အေးလက်အေးပြန်လည်ထွက်ခွာသွားခဲ့သည်။နာရီဝက်လောက် လောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်ပြီး ပေါ်ကြေးပြန်လည်သတိဝင်လာ၏။ ဆရာတော်ကိုပညာက ဘုရားစင်ရှေ့မှာ တင်ပလ္လင်ခွေပြီး တရားကျင့်နေသည်။ ပေါ်ကြေး၏ထွက်သက်ဝင်သက်များကို စူးစိုက်နားထောင်ပြီး“ ဒကာလေး သွားလိုရာသွားနိုင်ပါပြီ။ အဆိပ်တွေလည်းလွင့်စင်ပြီး သွေးကြောတွေလည်း ပြန်ပွင့်သွားပါပြီ ”အားပါသည့်အသံတွေက ပြန်လည်တိတ်ဆိတ်သွားသည်။ ပေါ်ကြေးဆရာတော်ကို ဦးသုံးကြိမ်ချပြီး တောင်လေးလုံးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။ တောင်သမန်ရောက်တုန်းရောက်ခိုက် မယ်ဇယ်တန်းနှင့် ဦးပိန်တံတားပေါ်တော့လျှောက်ဦးမှဟု ပေါ်ကြေးဆုံးဖြတ်လိုက်သည်။ အင်းဘက်ဖြတ်ချိုးကွေ့ပြီး မယ်ဇယ်တန်းအောက်ဝင်လိုက်သည်။အစွန်ဆုံးမယ်ဇယ်ပင်အောက်မှာ ကဗျာဆရာတွေဝိုင်းဖွဲ့နေကြသည်။ ကဗျာဆရာတွေက လွတ်လွတ်လပ်လပ်ကြီး ပေါက်ကွဲနေကြသည်။ ပေါ်ကြေးက ကဗျာဆရာဆိုလျှင် စိတ်ဝင်စားသည်။ ကဗျာဆရာအရှင်လတ်လတ်ဆိုလို့ သူတို့မြို့ကလေးမှာ ဆရာမောင်လူမှိန်တစ်ယောက်ပဲ မြင်ဖူးတာ။ ကဗျာဆရာဝိုင်းနားသွားပြီး ရစ်သီရစ်သီလုပ်ကာ ကဗျာဆရာတွေကို စာဖတ်နေလိုက်သည်။ခဏနေတော့ ကဗျာဆရာဝိုင်းနားသို့ ဥက္ကာကျော်နှင့်အတူ မဂ္ဂဇင်းအယ်ဒီတာတစ်ယောက် ရောက်လာသည်။ ထိုအယ်ဒီတာက ပြုံးပြုံး ပြုံးပြုံးနှင့် ချစ်ခင်စရာကောင်းသည်။ ပညာတတ်လူကြီးလူကောင်းဆန်သည်။“ ဒါ ပိတောက်ပွင့်သစ်က ဆရာမောင်တင်သစ်ပါ ”ဆရာဥက္ကာကျော်က သူ့သူငယ်ချင်း ကဗျာဆရာတွေနှင့် ကိုတင်သစ်ကို မိတ်ဆက်ပေးသည်။“ ဟေ့ အယ်ဒီတာမောင်တင်သစ်ကို ဘာလုပ်ရမှာလဲ၊ ထိုင်ရှိခိုးရမှာလား ”“ ထိုင်ရှိခိုးဖို့မလိုပါဘူးဗျာ။ ကဗျာလေးတွေ ချီးမြှင့်ရင်ပဲ ကျေနပ်လှပါပြီ ”“ ဟေး ဒါမှ တို့မောင်တင်သစ်ကွ ”ကဗျာဆရာတွေက ကိုတင်သစ်နားဝိုင်းလားပြီး ဖက်နမ်းကြသည်။ အသံတွေ ဆူညံသွား၏။ ကျွန်တော် ရိုးဒီပါ။ ကျွန်တော် သစ်နေပါ။ ကျွန်တော် ခင်ဇော်မြင့်ပါ။ ကျွန်တော် မျိုးနေနွယ်။ကဗျာဆရာဝိုင်းကို ချန်ထားရစ်ပြီး မယ်ဇယ်ပင်တန်းအောက်မှာ အရှေ့ဘက်သို့ ဆက်လျှောက်သည်။ တောင်သမန်အင်းထဲမှာ ငန်းဖြူဖြူတွေက အုပ်လိုက်သင်းလိုက်။ တံတားထိပ်မယ်ဇယ်ရိပ်က စားပွဲဝိုင်းတစ်ခုမှာ ပေါ်ကြေးဝင်ထိုင်လိုက်သည်။ ဗိုက်ထဲကလည်း ၀ုန်းဒိုင်းကျဲနေပြီ။ ပေါ်ကြေး ပြောင်းဖူးကြော်တစ်ပွဲ မှာလိုက်သည်။ ဆရာနေ၀င်းမြင့် ပေးလိုက်သည့်လမ်းစရိတ်က တန်ဖိုးကြီးလှသည်။ပေါ်ကြေး စားပွဲနှင့်တစ်ဝိုင်းကျော်မှာ ပြင်ဦးလွင်က ကဗျာဆရာနွယ်စိမ်းဝေ ဦးဆောင်ပြီး ကဗျာတွေရွတ်နေသည်။ ကဗျာရွတ်သံတွေက မယ်ဇယ်ရိပ်ကိုလှမ်းချိတ်သည်။ ကဗျာတွေက အသံသာသလို မာန်လည်းပါသည်။ ကဗျာဆရာတွေ ကဗျာရွတ်တာနားထောင်ရင်း ပေါ်ကြေးရင်ထဲမှာ အနုပညာစိတ်တွေ ရုန်းကြွလာ၏။ ပြောင်းဖူးကြော်ဖိုးလေး ရှင်းပေးပြီး ကဗျာဆရာဝိုင်းနား ပေါ်ကြေးတိုးကပ်လိုက်သည်။ ကဗျာရွတ်ပွဲက တဖြည်းဖြည်းအရှိန်ရလာသည်။ နှောင်ကြိုးသန့် ကဗျာရွတ်အပြီးမှာ ပေါ်ကြေးချောင်းတစ်ချက်ဟန့်လိုက်သည်။ ကဗျာဝိုင်းက ခေတ္တတိတ်ဆိတ်သွား၏။“ ကျွန်တော်က ကဗျာဆရာမဟုတ်ပေမယ့် ကဗျာဆရာတွေကို ချစ်တဲ့သူပါ။ ခေတ်ပေါ်မြန်မာကဗျာတွေကိုလည်း မြတ်နိုးပါတယ်။ ကျွန်တော် ကဗျာတစ်ပုဒ်လောက်များ ရွတ်ခွင့်ရှိမလားမသိဘူး ”ပေါ်ကြေး တိုးတိုးလျှိုလျှို ခွင့်တောင်းလိုက်သည်။“ ရွတ် ရွတ် ရတယ် ရွတ် ”ဟိုမှသည်မှ အသံတွေထွက်လာသည်။“ ဆရာကြည်မောင်သန်းရဲ့ ဆံပင်ရှည်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့ကဗျာတစ်ပုဒ်ကို ကျွန်တော်ရွတ်ပါ့မယ် ကဗျာခေါင်းစဉ်က တောင်အမေရိကကို သွားချင်တယ် တဲ့ ”ဟိုမှသည်မှ တဖြောင်းဖြောင်း လက်ခုပ်သံတွေပေါ်ထွက်လာသည်။ ပေါ်ကြေး မုဒ်တစ်ချက်သွင်းလိုက်သည်။စပိန်စကား မတတ်ပေမယ့်ပေါ်တူဂီစကား မတတ်ပေမယ့်တောင်အမေရိကကို သွားချင်တယ်။အောက်တိုဗီယိုပါဇ် ရဲ့ ကဗျာတွေအက်ဆေးတွေကို သဘောကျလို့ …ဂျော်ဂျီယာအိုကဖီး ရဲ့ပန်းချီကားတွေကို သဘောကျလို့ကာလို့စ်ဆန်တာနား ရဲ့ဂစ်တာသံကို သဘောကျလို့ ….ပေါ်ကြေး ပရိတ်သတ်ကို တစ်ချက်အကဲခတ်လိုက်သည်။ သူ့အသံလှိုင်းအောက်မှာ ငြိမ်လို့။စပိန်စကား မတတ်ပေမယ့်ပေါ်တူဂီစကား မတတ်ပေမယ့်တောင်အမေရိကကို သွားချင်တယ်။ချေဂွေဗားရား ကျဆုံးခဲ့တဲ့ဘိုလီးဗီးရား တောတွင်းတစ်နေရာကို သွားကြည့်ချင်တယ်မက္ကဆီကိုစီးတီးက ကဖေးတစ်ခုမှာ ဂါစီယာမားကွစ်နဲ့အထီးကျန်နှစ်တစ်ရာအကြောင်း မေးကြည့်ချင်တယ်။ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီးလာမယ့်ကမ္ဘာ့ဖလားအကြောင်း စကားကောင်းမယ်….မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို လိုက်ရှာမယ်ပြီးတော့ သူ့ရဲ့ကဗျာတွေကို ပြန်ဖတ်မယ်ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့ဗျစ်ရည်ခါးခါးကို အတူသောက်မယ်ရီယိုမြို့က ကပွဲရုံတွေမှာကချေသည်မတွေနှင့် ဆမ်းဘားအကကြည့်မယ်ပီရူးရွှေတွင်းက အလုပ်သမားကဗျာဆရာတွေနဲ့ကလိုဘယ်လိုက်ဇေးရှင်းအကြောင်း ဆွေးနွေးချင်တယ်ရီယိုဒီဂျနေရိုးက မူလတန်းကျောင်းတွေမှာဘရာဇီးကလေးတွေ ဘောလုံးကစားတာသွားကြည့်မယ်ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ခဲပြီးဂလုရီယာအိစ်ဖန်း ရဲ့ သီချင်းတွေနားထောင်မယ်ပေါ်ကြေး ကဗျာရွတ်တာခဏနားလိုက်သည်။ လက်ခုပ်သံတွေ တဖြောင်းဖြောင်းထွက်ပေါ်လာသည်။ လက်ခုပ်သံတွေက ဦးပိန်တံတားပေါ်ပျံဝဲသွားသည်။ လက်ခုပ်သံတဖြောင်းဖြောင်းက အင်းရေပြာလဲ့လဲ့ကိုငုံ့နမ်းသည်။ ကဗျာဆရာများ၏ လက်ခုပ်သံတဖြောင်းဖြောင်းကြောင့် ဦးပိန်တံတားပေါ်မှာလမ်းလျှောက်နေကြသည့် ကမ္ဘာလှည့်ခရီးသည်တွေက “ ဘာလဲဟ ” ဟု စူးစမ်းနေကြသည်။ တိုးဂိုက်တစ်ယောက်က သူတတ်သလောက်မှတ်သလောက်နှင့် ပေါ်ကြေးရွတ်သည့် ကဗျာအဓိပ္ပာယ်ကို ရှင်းပြနေသည်။ ခဏနေတော့ တောင်အမေရိကသားဖြစ်ဟန်တူသည့် ကမ္ဘာလှည့်ခရီးသွားသုံးယောက် ပေါ်ကြေးတို့ကဗျာရွတ်သည့်အနား ရောက်လာသည်။ ခွင့်တောင်းပြီး ပေါ်ကြေးကို ဓါတ်ပုံတဖျတ်ဖျတ်ရိုက်သည်။ ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်သည်။ ပေါ်ကြေး လက်တွေကို ဝှေ့ယမ်းလိုက်သည်။ မိုးကောင်းကင်ကိုမော့ကြည့်သည်။ မျက်လုံးတွေ မှေးစင်းသွားသည်။စပိန်စကား မတတ်ပေမယ့်ပေါ်တူဂီစကား မတတ်ပေမယ့်တောင်အမေရိကကို သွားချင်တယ်။………………………………ဂျနီဖာလိုပက်စ်ရေငါ့ကို လေယာဉ်လက်မှတ်မြန်မြန်ဝယ်ပို့လိုက်ပါတော့လက်ခုပ်သံတွေ တဝေါဝေါမြည်သွားသည်။ ကမ္ဘာလှည့်ခရီးသွားသုံးယောက်က ပေါ်ကြေးကို ဒေါ်လာနှစ်ရာစီ ဆုချသွားသည်။ နွယ်စိမ်းဝေက ဒေါ်လာခြောက်ရာကို ပေါ်ကြေးအင်္ကျီကော်လာမှာ အပ်ချိတ်နှင့်တွယ်ပေးလိုက်သည်။ ကဗျာမြတ်နိုးခြင်း၏ အဓိပ္ပာယ်။ ဒေါ်လာငွေစက္ကူတွေက ပေါ်ကြေးကော်လာမှာ တဖျပ်ဖျပ်။ ပေါ်ကြေးကဗျာဆရာအုပ်စုကို နှုတ်ဆက်ပြီး ဦပိန်တံတားပေါ် ထွက်ခွာလာခဲ့သည်။စောစောပိုင်းက စောဘရန်ငြိမ်းတို့အုပ်စု ၀ိုင်းသမလို့ ငွေငါးသောင်းလောက်ကျန်ခဲ့ပေမယ့် အခုတော့ ပေါ်ကြေးကော်လာမှာ ဒေါ်လာခြောက်ရာက လေထဲမှာ တလွင့်လွင့်။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ။ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ပေါ့။ပေါ်ကြေး သီချင်းတအေးအေးဖြင့် ဦးပိန်တံတားပေါ်ဆက်လျှောက်သည်။ နေမင်းက ၀င်လုဝင်ခင်။ ပေါ်ကြေး ညရထားဖြင့် သူတို့မြို့လေးသို့ပြန်ဖို့ စိတ်ကူးလိုက်သည်။ ဦးပိန်တံတားမှတဆင့် ထန်းတောတွေကိုဆက်ဖြတ်မည်။ နောက် ရတနာပုံတက္ကသိုလ်မှ အရှေ့ဘက်သို့ဆက်ထွက်မည်။“ ရွှံ့တွေ ကပ်စီး ကပ်စီး ပုတီးလုပ်ကာ ကုံးတတ်ပါတယ်။ အုန်းမှုတ်ခွက်ကိုရှာရှာ ဒေါ်လာပြားက ဆယ့်ငါးပြားလောက်ဆွဲတတ်တာ။ ကိုကိုများက မြှောက်စားပေမယ့် ဟိုတုန်းကလောက်မပျော်ပါ … မောင်မောင်များက မြှောက်စားပေမယ့် ဟိုတုန်းကလောက်မပျော်ပါ … ကျွန်မတို့ဆီကို လိုက်လို့ပို့ပါ .. လိုက်လို့ပို့မယ် ပြောရင်းသူညာ ”သိစိတ်ပုံမှန်မဟုတ်သူ အမျိုးသမီးတစ်ယောက်က ပေါ်ကြေးကို လက်ညှိုးတစ်ထိုးထိုးနှင့် သီချင်းတွေဆိုနေသည်။ ပေါ်ကြေး မသိချင်ဟန်ဆောင်ပြီး ထန်းတောကိုဖြတ်တက်လိုက်သည်။“ ဟေ့ ညီလေး ခဏ ”လူနှစ်ယောက်က ပေါ်ကြေးနားကပ်လာပြီး ၀န်ထမ်းကဒ်တွေထုတ်ပြသည်။ တစ်ယောက်က ခပ်စိမ်းစိမ်းဒေါ်လာတွေကို ခပ်စူစူကြည့်သည်။“ ညီလေး အစ်ကိုတို့နဲ့ ရုံးခဏလိုက်ခဲ့ပါ။ သည်ဒေါ်လာတွေက တရားဝင်ကိုင်ဆောင်ခွင့် မရှိဘူး ”ပေါ်ကြေး နဲနဲပြာသွားသည်။“ နိုင်ငံခြားခရီးသည်တွေ ဆုချလို့ ကျွန်တော်ယူထားမိတာပါ။ ကျွန်တော် ဘာမှမသိပါဘူး၊ ကျွန်တော့်ကို မဖမ်းကြပါနဲ့ ”“ ညီလေးကို ဖမ်းဖို့၊ ဆီးဖို့ခေါ်တာ မဟုတ်ပါဘူး။ နည်းနည်းပါးပါး မေးမြန်းရုံပါ။ မစိုးရိမ်ပါနဲ့ ဆယ်မိနစ်လောက်ပါ ”ပေါ်ကြေး ထိုဝန်ထမ်းနှစ်ယောက်နောက်မှ စိုက်စိုက် စိုက်စိုက်နှင့်လိုက်ပါသွားခဲ့သည်။ စိတ်ထဲမှာတော့“ အစ်ကိုကြီးတို့ရယ် ကျွန်တော် ဘာမှမသိပါဘူး။ မတရားကြီးတော့ မလုပ်လိုက်ပါနဲ့ခင်ဗျာ ” ဟု တိုးတိုးလေးရေရွတ်နေမိသည်။ ။

No comments: